28 C
Yangon

အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ကြောင်း GSCB ကြေညာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၇

အကြမ်းဖက် စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ရေးကာလအဖြစ် အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ သတ်မှတ်ကြောင်း ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က ထုတ်ပြန်ကြေညာလိုက်သည်။

အကြမ်းဖက် စစ်အုပ်စုသည် အကြမ်းဖက်မှုပေါင်းစုံ ကျင့်သုံး၍ မတရား အာဏာသိမ်းချိန်မှ စ၍ ယနေ့တိုင် ၄င်း၏ အာဏာတည်မြဲရေး ဆောင်ရွက်နေပြီး လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးတို့ကို အကြမ်းဖက်မှုနှင့် အကျင့်ပျက်ချစားမှုကြီးစိုးစေမှုတို့ဖြင့် တိုင်းပြည်၏ အရင်းအမြစ်များစွာကို ပျက်ဆီးဆုံးရှုံးစေကာ စစ်အုပ်စု အာဏာတည်ရေးသာ ပြုကျင့်နေကြောင်း သိရသည်။

အဆိုပါ လုပ်ရပ်ကြောင့် ရလဒ်အနေဖြင့် နိုင်ငံအတွင်းရှိ လူဦးရေ ၁၂ သန်းကျော် ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရပြီး တိုင်းပြည်သည် မူးယစ်ဆေးဝါးနှင့် ကျားဖြန့်လောင်းကစားတို့ စခန်းချရာ လုံခြုံမှုမရှိဆုံးနှင့် နေ့စဉ် အကြမ်းဖက်မှုတို့ဖြင့် ပြည့်နှက်နေသည့် တိုင်းပြည် တခုအဖြစ်သို့ သက်ဆင်းသွားပြီဖြစ်ကြောင်း GSCB ကပြောဆိုထားသည်။

လက်ရှိချိန်တွင် တိုင်းပြည်သည် ငရဲပမာ ရှုမြင်နေရပြီး စိတ်မချမ်းမြေ့ဖွယ် မနေချင့်စဖွယ်တိုင်းပြည် ဖြစ်နေကြောင်း၊ ငရဲကြီး ၈ ထပ် အဝီစိအောက် ရောက်နေသည့် တိုင်းပြည်ကို ထပ်၍ နစ်မွန်းစေမည့် အကြမ်းဖက် ပြုကျင့်မှုကြီးသည် အတုအယောင်ရွေးကောက်ပွဲ ပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ခု၏ ဂုဏ်သိက္ခာအဖြာဖြာတို့ ကင်းမဲ့နေသည့် အကြမ်းဖက်ပွဲ၊ လုပ်ပွဲ နှင့် ထောင်ချောက်သာလျှင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဤသို့ အကြမ်းဖက်မည့် ရွေးကောက်ပွဲမှ တိုင်းပြည်သို့ မည်သို့သော အပြောင်းအလဲမှ ဆောင်ကျဉ်း နိုင်လိမ့်မည်မဟုတ်ကြောင်း၊ လူမဆန်သည့် စစ်ရာဇဝတ်မှုနှင့် မတရားမှုပေါင်းစုံ ကျူးလွန်၍ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် စစ်အုပ်စုပြင်ဆင်နေပြီး တိုင်းပြည်အပေါ် စစ်ကျွန်အရိပ်မဲကြီး ဆက်လက်ကြီးစိုးမည့် မတရားမှု သရဖူဆောင်းထားသည့် စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံး၏ စုပေါင်းအားတို့ဖြင့် နည်းပရိယာယ် ကြွယ်ကြွယ်သုံးကာ သပိတ်မှောက်ဆန့်ကျင်ကြရန် GSCB က မေတ္တာရပ်ခံထားသည်။

ထိုသို့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရေးကာလကိုလည်း အောက်တိုဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်လိုက်ကြောင်း သိရသည်။

“အကြမ်းဖက် စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကြီးကို ပြည်သူလူထုတရပ်လုံးရဲ့ စုပေါင်းအားနဲ့ နည်းပရိယာယ်ကြွယ်ကြွယ်သုံးပြီး သပိတ်မှောက် ဆန့်ကျင်ကြဖို့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးကာလကို အောက်တိုဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ သတ်မှတ်လိုက်တာဖြစ်ပါတယ်” ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article