ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် စစ်မှုထမ်းတပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Senthang Revolution Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အောက်တိုဘာလ ၂၇ရက်နေ့တွင် ဟားခါးမြို့ ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးသည် သေနတ် ၁လက် ယူဆောင်လာပြီး Senthang Revolution Force ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် MA- 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် ကျည်ဆံအနည်းငယ်ယူဆောင်လာပြီး အလင်းဝင်ရောက်လာသောကြောင့် ငွေကျပ် သိန်း ၃၀ ဆုချီးမြှင့်ထားကြောင်း သိရသည်။
“အလင်းဝင်ရောက်လာတဲ့သူက စစ်ခွေးတွေ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီး စုဆောင်းခံရသူပါ။ သူ့နေအိမ်ထဲထိကို စစ်ခွေးတွေက ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးတာလို့ သိရတယ်။ မြို့နယ်တွေကတော့ လုံခြုံရေးကြောင့် ဖော်ပြလို့မရလို့ပါ။ လက်ရှိမှာတော့ လက်နက်ယူဆောင်လာလို့ ငွေကျပ် သိန်း ၃၀ နဲ့ သူ့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း ချီးမြှင့်ပေးထားပါတယ်” ဟု Senthang Revolution Force မှ တာဝန်ရှိသူက ပြောဆိုသည်။
အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည်လည်း သေနတ်၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဟားခါးမြို့ရှိ စစ်မှုထမ်း တပ်သား ဇွဲထက်အောင်သည် သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး CDF-Hakha ထံသို့ အလင်းဝင်ရောက်လာကြောင်း၊ အလင်းဝင်လာသော စစ်မှုတပ်သားသစ် ဇွဲထက်အောင်သည် MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု နှင့် ကျည် ၁၅၀ ထောင့်တို့ကို ယူဆောင်လာကြောင်း သိရသည်။






