ယမန်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်တွင် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားသူများအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အမျိုးမျိုး ကျူးလွန်နေသော အထောက်အထားများ စုဆောင်းထားပြီး ကျူးလွန်သူများနှင့် တပ်မှူးများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း စုဆောင်းထားကြောင်း၊ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတကာရာဇဝတ်မှုများ ဖြစ်ပွားမှု အကြိမ်ရေနှင့် ပြင်းထန်မှုများ မြင့်တက်လာခဲ့ကြောင်း၊ IIMM အနေဖြင့် သက်သေထွက်ဆိုချက်ပေါင်း ၆၀၀ ကျော်အပါအဝင် အထောက်အထားရင်းမြစ်ပေါင်း ၁,၃၀၀ ကျော်နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
ထို့အပြင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို ပိုပြီး အားထားလာပြီး စာသင်ကျောင်းများ၊ ဆေးရုံများ နေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများကို တိုက်ခိုက်နေမှုများကို ဦးစားပေး စုံစမ်းစစ်ဆေးနေကြောင်း ၊ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာများ၏ ပိုင်ဆိုင်မှုများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းနှင့် သိမ်းယူခြင်းအကြောင်း စိစစ်သုံးသပ်ချက်အစီရင်ခံစာ အကျဥ်းချုပ်ကို စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအစီရင်ခံစာတွင် ရိုဟင်ဂျာများ၏ နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် ဘာသာရေးအဆောက်အဦးများ ဖျက်ဆီးခံခဲ့ရပုံ၊ ယင်းနေရာများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့အခြေစိုက်စခန်းများ အစားထိုးတည်ဆောက်ထားမှုများကို စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။
“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ပိုပြီးပြင်းထန်နေပါတယ်။ ရက္ခိုင့်တပ်တော်က ပြည်နယ်အတွင်း နယ်မြေအများစုကို သိမ်းပိုက်ထားပြီး စစ်တပ်ဘက်ကလည်း ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပြန်လည်တုံ့ပြန်နေပါတယ်။ လူမျိုးစုပေါင်းစုံက အရပ်သားတွေဟာ ဆင်းရဲဒုက္ခရောက်နေကြပါတယ်။ ရိုဟင်ဂျာတွေကို စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်နှစ်ဖက်စလုံးက စစ်သားအဖြစ်စုဆောင်းနေပြီး ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကလည်း လက်ရှိတိုက်ပွဲတွေမှာ ပါဝင်နေပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ ဒရုန်းတိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ မုဒိန်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုကြုံနေရသူတွေဆီပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို တားဆီးဟန့်တားတဲ့ဖြစ်ရပ်တွေနဲ့ဆိုင်တဲ့ သက်သေအထောက်အထားတွေကို ယန္တရားက စုဆောင်းနေပါတယ်။ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို မှတ်တမ်းပြုစုဖို့ ယန္တရားက ဒီဖြစ်ရပ်တွေကို မျက်မြင်တွေ့ခဲ့သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတွေနဲ့ ပွင့်လင်းရင်းမြစ်မှာရရှိနိုင်တဲ့ အထောက်အထားတွေကို စိစစ်ခြင်းနဲ့ အတည်ပြုခြင်းတွေ လုပ်ဆောင်နေပါတယ်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အချက်အလက်တွေကို မျှဝေပေးလိုသူတွေအနေနဲ့လည်း ကျွန်တော်တို့ဆီဆက်သွယ်ပေးဖို့ ကြိုဆိုပါတယ်။ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် နှစ်ဖက်စလုံးဆီက အချက်အလက်တွေရရှိဖို့ ယန္တရားက ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့အထိ နှစ်ဖက်လုံးက ပူးပေါင်းဆောင်ရွက်မှုမရှိသေးတာကိုလည်း အသိပေးလိုပါတယ်” ဟု သူက ပြောဆိုသည်။
IIM က ရရှိသော အထောက်အထားများကို နိုင်ငံတကာရာဇဝတ်ခုံရုံးမှ တရားလိုရှေ့နေရုံး၊ အာဂျင်တီးနားဖက်ဒရယ်ရာဇဝတ်ခုံရုံးမှ စုံစမ်းစစ်ဆေးရေးတရားသူကြီးတို့က အသုံးပြုနေကြောင်း၊ မြန်မာနိုင်ငံက လူမျိုးပြုန်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားများကို ပျက်ကွက်ခဲ့မှုဖြင့် ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသော နိုင်ငံတကာတရားရုံးအမှုတွင်လည်း အသုံးပြုရန် အချက်အလက်များကိုလည်း ယန္တရားက မျှဝေပေးနေကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အသုံးပြုခဲ့သည့် လက်နက်နှင့် စစ်ရေးသုံးကိရိယာများကို ရောင်းချပေးသည့် လူပုဂ္ဂိုလ်များ၊စီးပွားရေးလုပ်ငန်းများမှာ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေများကို ချိုးဖောက်နေခြင်းရှိမရှိ စုံစမ်းစစ်ဆေးနေသည့် နိုင်ငံများနှင့်လည်း IIMM နှင့်လည်းပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ယန္တရားကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အရင်းအမြစ်တွေ စီစဥ်ချထားပေးခဲ့ကြောင်း၊ လက်ရှိအချိနတွင် စုံစမ်းစစ်ဆေးရမည့် ရာဇဝတ်မှုအရေအတွက်ဟာ နဂိုမျှော်မှန်းထားသည်ထက် တော်တော်လေး ကျော်လွန်နေကြောင်း သိရှိရသည်။
“တာဝန်ခံမှုနဲ့ နိုင်ငံတကာတရားမျှတမှုဟာ အရေးကြီးတဲ့လမ်းဆုံလမ်းခွကို ရောက်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ရာဇ ၀တ်မှုတွေအတွက် တရားမျှတမှုရရှိအောင် ကြိုးပမ်းခြင်းက မြန်မာနိုင်ငံက ရာဇဝတ်မှုကျူးလွန်သူတွေကိုသာမက ပြစ်မှုကျူးလွန်သူအားလုံးကို အရေးကြီးတဲ့သတင်း စကားတစ်ခု ပေးပို့နိုင်ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အခါ၊ နိုင်ငံတကာဥပဒေကိုလျစ်လျူရှုတဲ့အခါ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစီရင်နိုင်ဖို့ ဒီအခန်းထဲမှာရှိနေကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ ကျွန်တော်တို့ အသင့်ရှိနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




