စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဘက်က မြေပြင်အခြေအနေများကို ထောက်လှမ်းနေသည့် Spy Balloon ခေါ် ကင်းထောက်မီးပုံးပျံများ လွှင့်တင်နေ၍ ပြည်သူများ သတိဖြင့် နေထိုင်ကြရန် ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကောလင်းမြို့နယ်အတွင်း ဝန်းသိုဘက်မှ တက်လာသည့် Spy Balloon ကင်းထောက် မီးပုံးပျံ့များ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်း မကြာခဏဆိုသလို အကြမ်းဖက်စစ်တပ်လွှင့်တင်သည့် ကင်းထောက် မီးပုံးပျံများကို တွေ့လာရခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ Spy Balloon များသည် မြေပြင်နှင့် ပိုမို နီးကပ်သည့် အမြင့်တွင် ပျံသန်းနိုင်သည့်အတွက် ဂြိုဟ်တု သို့ မဟုတ် လေယာဉ်များထက် ပိုမိုရှင်းလင်းကာ ရုပ်ထွက်ကောင်းမွန်သည့် ဓာတ်ပုံများကို ရယူနိုင်သည့်အပြင် အချိန်ကြာကြာ ပို၍ လေ့လာမှု ပြုလုပ်နိုင်ကြောင်း၊ ထို့ပြင် နှေးကွေးစွာ ရွေ့လျားသည့်အတွက် အချိန်ပိုကြာကြာ ဝဲပျံနိုင်သဖြင့် သတင်းအချက် အလက် ပိုမို စုဆောင်းနိုင်ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“စစ်ကော်မရှင်က ကင်းထောက်တာပါ။ အဓိက ထောက်လှမ်းနေတာက လူစုလူဝေးနဲ့ ပြုလုပ်တတ်တဲ့ အရာတွေ၊တော် လှန်ရေးအင်အားစုတွေရဲ့ နေရာမျိုးကို ထောက်လှမ်းတာဖြစ်တဲ့အတွက် အထူးဂရုစိုက်သွားလာသင့်ပါတယ်။နောက်ပြီး spy balloon လိုအရာမျိုးက အင်ဂျင်တပ်မောင်းတဲ့အရာမဟုတ်တဲ့အတွက် စက်သံကို မကြားနိုင်ပါဘူး ။ အဲဒီအတွက် စစ်ရေး ၊လုံခြုံရေးအသိ၊သတိနဲ့ သွားလာနေထိုင်ကြပါလို့ပဲ တိုက်တွန်းလိုပါတယ်”ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် Spy Balloon များသည် မြေပြင်နှင့် နီး၍ အီလက်ထရောနစ် အချက်ပြမှုများကိုပို၍ စုဆောင်းနိုင်ပြီး ကုန်ကျစရိတ်သက်သာသည့်အပြင် ရေဒါတွင် ဖမ်းမိနိုင်မှုနည်းသည့် အားသာချက်များအပြင် ဝန်အလေးကို ဂြိုဟ်တုတစ်ခုထက် ပို၍ သယ်ဆောင်နိုင်သည့် အားသာချက်ရှိ၍ အထူးသတိထားရန် လိုကြောင်း သတိပေးကြေညာချက်တွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်တပ်လွှင့်တင်နေသည့် Spy Balloons ခေါ် ကင်းထောက်မီးပုံးပျံများတွင် ထိန်းချုပ်ရခက်ခဲခြင်၊ ပစ်မှတ်ဖြစ်ရန် လွယ်ကူခြင်း၊ ရာသီဥတုဒဏ်အလွယ်ခံရနိုင်ခြင်း၊ ထင်သာမြင်သာ ရှိခြင်း၊ အချက်အလက်ဆုံးရှုံးနိုင်ခြေများခြင်း အား နည်းချက်များ ရှိကြောင်းလည်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




