25 C
Yangon

ပေါက်မြို့နယ်ရှိ ကျေးရွာများကို ၂ လကျော်ကြာ စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ်များကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ပြည်သူ ၇ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို ၂ လကျော်ကြာ စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ်များကိုလည်း ဆက်တိုက် မီးရှို့ဖျက်ဆီးနေကာ ပြည်သူ ၇ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ကပစ ၂၄ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တယ်ပင်ကျေးရွာမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းရှိနေသောကြောင့် နေအိမ် ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပန်းစိမ်းတောင်ကျေးရွာ ၊ရေကတောကျေးရွာ၊ ရေဖြူ ကျေးရွာ၊ ထန်းပင်ချောင်း ကျေးရွာ ၊ နန်းစင်ကုန်းကျေးရွာ၊ မကျီးကုန်းကျေးရွာ၊ အုန်းမှင်ကျေးရွာ၊ တယ်ပင်ကျေးရွာ နှင့် ယောကုန်းကျေးရွာတို့မှ ပြည်သူ ၇ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“အဲဒီ စစ်ခွေး စစ်ကြောင်းက ကပစ ၂၄ ကနေ ထိုးလာတာပါ။ အင်အားကတော့များတယ်။ ပြည်သူတွေကိုလည်း စစ်ခွေးတွေက ဖမ်းဆီး သတ်ဖြတ်တာတွေရှိတယ်။ အဲစစ်ခွေး စစ်ကြောင်းထိုးနေတာ ၂ ​လကျော်နေပြီ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း သူတို့ စိတ်ကြိုက် ခိုးယူနေတယ်။ စစ်ခွေး စစ်ကြောင်းက အခုချိန်ထိ ရှိသေးတော့ ရွာတွေက ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူး” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်ကပြောဆိုသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ရေကတောရွာအနီးတွင် တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်မှုများ နေ့စဉ် ပြုလုပ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – မကွေးတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ပြည်သူများ ညအချိန် ထွက်ပြေးတိမ်းရှောင်နေရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article