ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ် မိုးဗြဲကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mobye people defense force – Local PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ သုံးထပ်ကွေ့ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၂၈ နှစ်အရွယ် အမျိုးသား ၁ ဦးကို ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မြောက်ဘက်ပိုင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ် လေယာဉ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း Wetlet Informational Network မှ တာဝန်ရှိသူက ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၅၄ မိနစ်ခန့်မှ စတင်ပြီး မတ္တရာမြို့နယ် မြောက်ဘက်ပိုင်းရှိ ကျေးရွာများကို တံတားဦးလေတပ်မှ တက်လာသော J-Fighter ၂ စီးက ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်းပြည်သူများ ထိခိုက်မှုမရှိသော်လည်း လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာ နမခမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Gyrocopter ၃ စီးက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်သွားခြင်းဖြစ်ကြောင်း၊ ထို့ပြင် ပေါက်မြို့နယ် ကပစ ၂၄ မှ အကြမ်းဖက် စစ်သားများကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်သွားကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်ထိ ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။




