စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ဟားခါးလေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေပြီး တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေ၍ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ပြီး ထိုမာရွာ GTC တွင် တပ်စွဲထားသော စစ်တပ်က သာယာကုန်းရွာနှင့် ကျွန်းချောင်းရွာသို့ စစ် ကြောင်းထိုး ဝင်ရောက် စီးနင်းကာ ကျွန်းချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အောက်တိုဘာလ ၃၀ ရက်နေ့နှင့် ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နတ်ချောင်းရွာ ၊နတ်မြောင်းရွာ၊ ချောင်းခွရွာနှင့် ဟားခါးလေးရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကလေး-ဂန့်ဂေါ လမ်းပိုင်းနှင့် ကလေး-ဖလမ်း လမ်းပိုင်းကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း ခိုးယူလုယက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသော်လည်း စစ်မှုထမ်း တပ်သားသစ်များကို အကြိမ်ကြိမ် အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ထောက်ကြန့်ရွာ၊ ကြာအင်းရွာ၊ စည်သာရွာ၊ နတ်မြောင်းရွာ၊ နတ်ချောင်းရွာ၊ ကြံသာရွာ၊ အောင်သာယာရွာနှင့် မှန်တောရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာကို ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲအတွင်းမှာစစ်ခွေးတွေက အသေတော်တော်များပါတယ်။ တိုက်ပွဲထဲမှာ ပျူစောထီးတွေ စစ်မှုထမ်း တပ်သားသစ်တွေ သေတယ်ဆိုရင် ၂၂၈ တပ်ထဲကို ဖောကားနဲ့တိုက်ပြီးတော့ ဒီတိုင်းမြေမြုပ်တယ်။ စစ်ခွေး အကြီးပိုင်းတွေသေရင်တော့ ကံပုလဲရွာမှာ မြေမြုပ်တယ်။ အများဆိုးသေတာကတော့ ပျူစောထီးတွေနဲ့ စစ်မှုထမ်း တပ်သားသစ်တွေ ကား သုံးစီးလောက်နဲ့ တိုက်ပြီး မြေမြုပ်နေတယ်လို့ သိရတယ်။ အဲလောက်သေလည်း စစ်မှုထမ်းတွေကို အင်အား အကြိမ်ကြိမ်ဖြည့်တင်းပြီး စစ်ကြောင်းထိုးနေတုန်းပဲ” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေ၍ လက်ရှိချိန်တွင် ကျည်ဖိုး အရေးပေါ်လိုအပ်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။




