မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က သယ်ဆောင်လာသည့် RPG ထိပ်ဖူး ပေါက်ကွဲ၍ စစ်သား ၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော်များ နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး Ldfမှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ပြီး ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်ခွာလာသော အင်အား ၈၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းနေ့ ညနေပိုင်းတွင် မုန်တိုင်ချောင်းအနီးရှိ ဇရပ်တွင် နားနေစဉ် RPG ထိပ်ဖူး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း စစ်သား ၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။
“မုန်တိုင်ချောင်းအနီးက ဇရပ်နားမှာ စစ်ခွေးတွေ နားနေတုန်းမှာ RPG ထိပ်ဖူးပေါက်ကွဲပြီးတော့ စစ်ခွေး ၂ ကောင်သေတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ အဲစစ်ခွေးတွေ စစ်ကြောင်းထိုးတဲ့ နေရာတွေကို ကျနော်တို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာ ခဲယမ်းတချို့နဲ့ စစ်ခွေး အသုံးအဆောင်တွေ သိမ်းဆည်းရရှိပါတယ်” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး ပြည်သူ့ကာကွယ်ရေး Ldfမှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ပေါက်မြို့နယ်အတွင်း ဝင်ရောက်သွားပြီးဖြစ်ကြောင်း၊ ထိုစစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ပေါက်မြို့နယ်အတွင်းရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။






