ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်က လုံခြုံရေး တင်း ကျပ်စွာချ၍ ဖျက်ဆီးလိုက်ကြောင်း ပုသိမ်မြို့မှ ကင်းထောက်အဖွဲ့များနှင့် မြို့ခံပြည်သူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညပိုင်း ပုသိမ်မြို့၊ ကန်သုံးဆင့် ပြည်ထောင်စုကွင်းတွင် တည်ရှိနေသော ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်က လုံခြုံရေးတင်းကျပ်စွာချ၍ ဘက်ဖိုး ၂ စီးဖြင့် ဖျက်ဆီးလိုက်ကြောင်း၊ ယင်းနောက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုကွင်းကို မိုးကာအစိမ်းများ ကာရန်ထားပြီး စစ်တပ်က လုံခြုံရေးယူထားကြောင်း သိရှိရသည်။
” ဗိုလ်ချုပ်ရုပ်တုစိုက်ထားတဲ့ တိုင်ပါ ဖြိုချပစ်လိုက်တာ။ အပြင်က ကြည့်တာလေ။ အထဲကို သေချာဝင်ကြည့်ခွင့်မပေးဘူး။ မိုးကာအစိမ်းကာထားတယ်။ စခတချို့ စောင့်နေတယ်။ မိုက်ရိုင်းတဲ့ကောင်တွေ” ဟု ပုသိမ်မြို့မှ ကင်းထောက်လူငယ်တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်းရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုများကို မကြာခဏဆိုသလို ဖျက်ဆီးလျက်ရှိပြီး ယင်းသို့ ဖျက်ဆီးရာတွင် ညအချိန်တွင်သာ လုံခြုံရေးများစွာချ၍ ဖျက်ဆီးလေ့ရှိကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။
ယခုနှစ် ဩဂုတ်လ ၇ ရက်နေ့ ည သန်းခေါင်ယံအချိန်လည်း ပဲခူးတိုင်း၊ ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညအချိန် မီးများဖြတ်တောက် အမှောင်ချ၍ ဖယ်ရှားဖျက်ဆီးခဲ့ကြောင်း၊ ဗိုလ်ချုပ်ရုပ်တုမှာ ပဲခူးမြို့လယ်တွင်ရှိပြီး အမှတ် ၁ အခြေခံပညာကျောင်းအနီး ဘုရားလမ်းနှင့်တောင်ငူလမ်းမ၊ ဆေးရုံလမ်းနှင့်လမ်း ၃၀ အဆုံ၊ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးနှင့်မျက်နှာချင်းဆိုင်တွင် ထားရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယမန်နှစ် အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁ နာရီအချိန်ကလည်း မန္တလေးတိုင်း၊ သာစည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု စိုက်ထူထားသော ဗိုလ်ချုပ်ရင်ပြင်ကို မြေကော်ကားများဖြင့် ဖျက်ဆီးပြီး ရုပ်တုကို စစ်တပ်က ခမရ ၄၁၉ ထဲသို့ သယ်ဆောင်သွားခဲ့သည်။
ဓာတ်ပုံ- မဖြိုဖျက်မီ တွေ့ရှိခဲ့ရသော ပုသိမ်မြို့လယ်မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်။ (ပုံအဟောင်းဖြစ်ပါသည်။)




