ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်မှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်မှ ထွက်ပြေးလာသည့် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ထို စစ်တပ် စစ်ကြောင်းမှ ထွက်ပြေးလာသော ခမရ ၁၀၉ တပ်ရင်းမှ စစ်သား ၁ ဦးနှင့် ခမရ ၄၁၉ တပ်ရင်းမှ စစ်သား ၁ ဦးတို့ကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်း ဖမ်းဆီးရမိသော စစ်သား ၂ ဦးထံမှ RPG ၁ လက် ၊ အဖူး ၄ ဖူး ၊ MA-4 ၁ လက်၊ 40 mm ဗုံး ၁၂ လုံး ၊ လက်ပစ်ဗုံး ၂ လုံး၊ 5.56 ကျည် ၁၀၀ တောင့် နှင့် G3 ကျည် ၁၉ တောင့် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ချက်ကန်ရွာ စာသင်ကျောင်းကို စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်မှ ပြည်သူပိုင်နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ကြက်ခိုးရန် လုပ်ဆောင်နေသော စစ်သား ၃ ဦးကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက MA – 2 သေနတ် ၁ လက် ၊ MA – 3 သေနတ် ၁ လက်နှင့် ကျည် ၁၀၀၀ ခန့်အပါအဝင် ခဲယမ်းတချို့နှင့် အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။





