25 C
Yangon

ပေါက်မြို့ရှိ ကျေးရွာများကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၆၀ ကျော် ကျဲချ တိုက်ခိုက်မှု ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ၊ မူးတွင်လည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ၍ ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၇

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံး ၆၀ ကျော် ကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ် ၁ စီးသည် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းရှိ ကျေးရွာများကို ဗုံး ၆၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဗုံးကျဲသွားတာတော့ အကြိမ်ရေ တော်တော်များပါတယ်။ အလုံး ၆၀ လောက်ရှိတယ်။ ပြည်သူတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်။ ထိခိုက်မှု အခြေအနေကိုတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ မူးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၁၆ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက သင်္ဘောကျွန်းကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အသက် ၄၀ နှစ် အရွယ် ဒေါ်အေးမွန် နှင့် အသက် ၆ နှစ်အရွယ် မောင်နာဒါသွေးတို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article