ရခိုင်ပြည်၊ မင်းပြားမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။
ယမန်နေ့ နိုဝင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန် စစ်တပ်က မင်းပြားမြို့၊ မြို့သစ်ရပ်ကွက်အတွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးပြီး ပြည်သူ ၉ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများတွင် အသက် ၁၇ နှစ်အရွယ် မခိုင်စန်းရွှေ၊ အသက် ၄၆ နှစ်အရွယ် ဦးမောင်သန်းဌေး၊ အသက် ၅၃ နှစ်အရွယ် ဦးဦးမောင်သန်းနှင့် သားဖြစ်သူ အသက် ၃၀ နှစ်အရွယ် ကိုသန်းမောင်ဌေးတို့ဖြစ်ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးလာကျဲတာပါ။ မနေ့က ပုဏ္ဏားကျွန်းရော၊ မင်းပြားမှာ ဗုံးကျဲချခံရတာပါ” ဟု ရခိုင်စစ်ဘေးရှောင်များကို အကူအညီပေးနေသော ရန်ကုန်အခြေစိုက် ရခိုင့်ပရဟိတအဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာသို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲချမှုကြောင့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းအပြင် ပြည်သူ ၇ ဦးမှာလည်း ဒဏ်ရာများရရှိခဲ့သည်။
ယင်းအပြင် ယမန်နေ့ နံနက် ၁၁ နာရီအချိန် စစ်တွေအခြေစိုက် ခမရ ၃၄၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ နံနက် ၁၁ နာရီ ၂၉ မိနစ်အချိန် ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့သဖြင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။







