အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲကို ထောက်ခံသော လှုပ်ရှားမှု ကမ်ပိန်းကို မကြာမီ ထုတ်လွှင့်နိုင်ရေး အနုပညာရှင်များနှင့် အဆိုတော်များကို စစ်ကော်မရှင်က ဖိအားပေး တက်သုတ်ရိုက် ရိုက်ကူးရေး လုပ်ခိုင်းနေကြောင်း အနုပညာရှင်အသိုင်းအ၀ိုင်းက ပြောဆိုသည်။
အဆိုပါ ရွေးကောက်ပွဲ ထောက်ခံရေး လှုပ်ရှားမှု ကမ်ပိန်းကို ရိုက်ကူးပေးရန် အကြောင်းမပြန်သော မင်းသမီး ဖွေးဖွေး၊ မော်ဒယ် မင်းသား အလင်းရောင်တို့ကို စစ်တပ်က ခေါ်ယူ စစ်ဆေးမေးမြန်းမှု လုပ်ဆောင်ကာ ရိုက်ကူးရေးတွင်ပါဝင်ပါမည်ဆိုသော ခံဝန်ကတိဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
“ဖွေးဖွေးက မေမြို့မှာ မတန်မရာ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်နေတာ။ အဲဒီအချိန်မှာ စကမ က ရိုက်ဖို့ ခေါ်တာ။ အဲဒါဖုန်းလည်မကိုင် အကြောင်းလည်း မပြန်လို့ မေမြို့ကနေ ရန်ကုန်အထိ ရဲတွေနဲ လာခေါ်သွားတာ။ မေမြို့ရဲစခန်းမှာ မလုပ်ဘဲ အတင်း ရန်ကုန်ခေါ်သွားတာ ပြီးတော့ ခေါ်ယူစစ်ဆေးတာကို ဘာအခက်အခဲရှိလို့လဲ ဆိုတဲ့ အပေါက်မျိုးနဲ့ ဘီဘီစီမှာ ပြန်ကြားရေးမှာပြောထားတယ်။ အမှန်က အတင်း အကျပ်ကို ရဲတွေနဲ့ ခေါ်သွားတာ။ ပြီးတော့ ခံဝန်နဲ့ ရိုက်ပေးပါ့မယ်ဆိုပြီး လွှတ်ပေးလိုက်တယ် ” ဟု အနုပညာအသိုင်းအ၀ိုင်းက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်၏ ရွေးကောက်ပွဲ ထောက်ခံသော ကမ်းပိန်းအတွက် အနုပညာရှင်များ၊ အဆိုတော်များကိုပါ စာသားများကို ရွတ်ပြီး ရိုက် ကူးရေး လုပ်ပေးနေရကြောင်း၊ လက်ရှိ ဖွေးဖွေး၊ ဝတ်မှုန်ရွေရည်၊ ခိုင်သင်းကြည်၊ တိုင်ရွန် ၊ ထူးအောင်အပါအဝင် အနုပညာရှင်များ အများစုပါဝင်ကြောင်း၊ စစ်တပ်က အနုပညာရှင်များကို ဖိအားပေးရာတွင် ပုံမှန် ညှိနှိုင်းမှုမျိုးမဟုတ်ဘဲ အလွန်ပြင်းထန်သော ဖိအားပေးမှုမျိုး လုပ် ဆောင်နေကြောင်း သိရှိရသည်။
” ထောင်ကျပြီး လွတ်ငြိမ်းသက်သာနဲ့ ပြန်လွတ်ထားတဲ့ အဆိုတော် သရုပ်ဆောင်တွေ အခု ရွေးကောက်ပွဲ ထောက်ခံ ကမ်ပိန်းမှာ မပါရင် ထောင်ကြွေး ပြန်ဆပ်ရမယ်ပြီးတော့ ရွေးကောက်ပွဲနှောင့်ယှက်သူများ ဥပဒေနဲ့ပါ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက်မှုတွေရှိတယ်လို့ သိရတယ်” ဟု ရန်ကုန်အခြေစိုက် အနုပညာရေးရာ သတင်းထောက်တစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်တပ်၏ အလိမ်အညာ ဝါဒဖြန့် ရွေးကောက်ပွဲနှင့်ပတ်သက်သော “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနှင့်သရုပ်ဆောင်များကို ပြည်သူများက ၀ိုင်းဝန်း ဆန့်ကျင်သပိတ်မှောက်မှု အရှိန်တက်လာချိန်တွင် စစ်တပ်က အခြားသော အနုပညာရှင်များနှင့် သရုပ်ဆောင်များကိုပါ ဖိအားပေးလာခြင်းဖြစ်သည်။
“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရွေးကောက်ပွဲဆိုင်ရာ အလိမ် အညာဝါဒဖြန့် ဇာတ်လမ်းကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့် ၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ရုပ်ရှင်ဒါရိုက်တာသက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင် တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး ရွေးကောက်ပွဲ နှောင့်ယှက်သူများ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
ယင်းအပြင် အနုပညာရှင်များနှင့် သရုပ်ဆောင်များ၊ အဆိုတော်များကို စစ်တပ်ထံသို့ ကြိုတင် အကြောင်းကြားခြင်းနှင့် ခွင့်ပြု ချက်မယူဘဲ ပြည်ပသို့ ထွက်ခွာခွင့်မပြုတော့ကြောင်း၊ ပြည်ပထွက်ခွာမည်ဆိုလျှင် ခွင့်ပြုချက်ယူရမည့်အပြင် ပြန်လာရန်ကိုလည်း ကတိဝန်ခံချက် ထိုးရမည်ဖြစ်ကြောင်း၊ အကယ်၍ ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးစားပါက လေဆိပ်မှ လှည့်ပြန်ခိုင်းမည်ဖြစ်ကြောင်း၊ လက်ရှိတွင် လေဆိပ်မှ လှည့်ပြန်ရသော အနုပညာရှင်များရှိနေကြောင်း စစ်လော်ဘီ အဆိုတော်ယုန်လေး၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် ပြည်ပထွက်ရန် ငြင်းဆိုခံရသော အနုပညာရှင်တချို့ထံမှ သိရှိရသည်။
ဓာတ်ပုံ- စစ်ခေါင်းဆောင်နှင့် ပလူးပလဲ လုပ်ခဲ့ကြသည့် ရုပ်ရှင်လောကသားတချို့ကို ၂၀၂၄ ခုနှစ် အကယ်ဒမီပေးပွဲတွင် တွေ့ရစဉ်။




