မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆိတ်ညံရေတင်ရုံးရှိ အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်နှင့် စစ်သင်္ဘောများကို ၄ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁ ရက်၊ ၃ ရက် ၊ ၄ ရက်နှင့် ၅ရက်နေ့တို့တွင် ဆိတ်ညံရေတင်ရုံးရှိ အကြမ်းဖက် စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ်နှင့် စစ်သင်္ဘောများကို ရေစကြိုမြို့နယ်တပ်ပေါင်းစု ဒရုန်းအဖွဲ့က ဗုံး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း ဆိတ်ညံရေတင်ရုံးရှိ စစ်တပ်၏ ရေကြောင်း စစ်ဆေးရေးဂိတ် ထမင်းစားဆောင်နှင့် ကမ်းခြေကပ်နေသော စစ်သင်္ဘောပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးကာ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့က နေ့စဉ်အချိန်မှန် ချနေတာတော့ မဟုတ်ဘူး။ တစ်ချိန်လုံး စောင့်ကြည့်နေပြီး နေ့ခင်းဘက် ထမင်းဟင်းချက်နေတဲ့အချိန် နဲ့ ညဘက် သင်္ဘောကမ်းကပ်ချိန်တွေချခဲ့တာပါ။ တစ်လုံးကတော့ သင်္ဘောပေါ် တည့်တည့်ကျပြီး နေရာမှာတင် ပွဲချင်းပြီး ၃ ကောင် သေတယ်လို့ သိရပါတယ်။ ၃ ရက်နေ့က ထမင်းဟင်းချက်တဲ့နေရာ ချခဲ့တာ ၂ ကောင် ပေါင်ထိတယ်လို့ သိရပါတယ်။ အဲဒဏ်ရာရတဲ့ ကောင်တွေ ရေတင်ရုံးမှာပဲ ဆေးကုနေတယ်လို့ သိရပါတယ်။ ကျနော်တို့ ၃ ရက်နေ့က သင်္ဘောပေါ် တည့်တည့်ကျပြီး ၃ ကောင်သေတဲ့နေ့က တစ်ညလုံးနီးပါး လက်နက်ကြီးငယ်နဲ့ တရစပ်ကို ပတ်ပစ်နေကြတာ” ဟု ရေစကြိုတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု ဒရုန်အဖွဲ့၊ မြင်းခြံခရိုင်အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သားများ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။





