ရန်ကုန်၊ နိုဝင်ဘာ ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် အောက်တိုဘာလ အတွင်း တိုက်ပွဲ ၁၂၁ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ၃၄ ဦးသေဆုံးကာ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း KNU-Mutraw District ကထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖာပွန်ခရိုင်အတွင်း အကြမ်းဖက် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲ ၁၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး နှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇၈ ဦးရှိကြောင်း၊ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်၏ ဌာနဆိုင်ရ အဆောက်အဦး ၁ လုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်ကလည်း ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ဒရုန်းဖြင့် ၁၂ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၉ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကာ နေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာလပိုင်းကလည်း ဖာပွန်ခရိုင်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA တပ်မဟာ ၅ တို့ တိုက်ပွဲ ၁၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးကာ ၃၉ ဦး ထိခိုက် ဒဏ်ရာရရှိကာ တိုက်ပွဲများအတွင်း စစ်တပ်က အရပ်သားပြည်သူများ နေထိုင်သည့် ကျေးရွာများကိုပါ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ကြောင့် ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရှိရသည်။






