23.5 C
Yangon

ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၉

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တောမြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦးသေဆုံးသွားကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များနှင့် စစ်ဘေးရှောင်ကူညီရေး ကွန်ရက်တချို့ထံမှ သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရခိုင်ပြည်၊ ပေါက်တောမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးမှာ ပေါက်တောမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ပေါက်တောမြို့ပေါ် စာသင်ကျောင်းမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေတာပါ။ အဲဒီကို ပေါင် ၅၀၀ ဗုံးတွေ ကျဲချတာ။ လတ်တလော သိရသလောက်တော့ ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးတယ်လို့ သိရပါတယ်” ဟု ရခိုင်စစ်ဘေးရှောင်ကူညီရေး ကွန်ရက်မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်အချိန် စစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်သံခြေကျေးရွာ စာသင်ကျောင်းနှင့် အနီးပတ်ဝန်းကျင်ကို ဗုံးများကျဲချခဲ့ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“အခုရက်ပိုင်းမှာ ရခိုင်ဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ အရမ်းများလာတယ်။ စစ်ရေးအရ ဖိအားပေးတာတွေ လုပ်လာတဲ့သဘောပဲ။ ရှမ်းမြောက်မှာလည်း တိုက်ပွဲတွေက ရပ်သွားပြီဆိုတော့ စစ်တပ်က ရခိုင်ဘက်ကို လှည့်လာတာ” ဟု ရခိုင်စစ်ဘေးရှောင်ကူညီရေး ကွန်ရက်မှ အဖွဲ့ဝင်က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ရခိုင်ဒေသကို လေကြောင်းဗုံးကျဲမှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ တောက်လျှောက်ဆိုသလိုဖြစ်ပေါ်လျက်ရှိသည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာသို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲချမှုကြောင့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းအပြင် ပြည်သူ ၇ ဦးမှာလည်း ဒဏ်ရာများရရှိခဲ့သည်။

ထို့အတူ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်တွေအခြေစိုက် ခမရ ၃၄၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာမှ အသက် ၅၅ နှစ်အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၉ မိနစ်အချိန် ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချခဲ့သဖြင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၇ ရက်နေ့ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာသို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article