မြန်မာ့ရုပ်ရှင်လောက၏ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သူ အကယ်ဒမီ ဝတ်မှုန်ရွှေရည်မှာ မင်းအောင်လှိုင် မိသားစုနှင့် ဆက် စပ်သော ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ကိုင်လာနေပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် စစ်တပ်နှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် နိုင်ဖြိုးကျော် နှင့် လက်ထပ်ခဲ့သည်။
နိုင်ငံရေးအပြောင်းအလဲများကြားတွင် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ စီးပွားရေး လူယုံနိုင်ဖြိုးကျော်ကို ဘ၀ ခင်ပွန်းအဖြစ် ရွေးချယ်လိုက်ခြင်းဖြင့် ပြည်သူနှင့်ဆန့်ကျင်သော ဘက်တွင် သေချာပေါက် ရပ်တည်ပြခဲ့သည်။ ယင်းသို့ စစ်တပ်ဘက် တော်သားအဖြစ် ရပ်တည်မှုများ၏ ၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီဆုရရှိခဲ့သည်။
ဝတ်မှုန်ရွှေရည်မှာ စစ်အာဏာမသိမ်းမီကာလ ၂၀၁၉ ခုနှစ်ခန့်ကတည်းက စစ်တပ်ခေါင်းဆောင်တစ်ဦး၏ မိသားစုဝင်များက ရင်းနှီးမြှုပ်နှံထားသည့် ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုနှင့် သီးသန့်စာချုပ် ချုပ်ဆိုကာ လက်တွဲလုပ်ကိုင်ခဲ့ဖူးသည်။ စစ်တပ်ခေါင်းဆောင်၏သမီးဖြစ်သူ ခင်သီရိသက်မွန် ငွေအများအပြား ရင်းနှီးမြှုပ်နှံထားသည့် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သည့် 7th Sense Film Production နှင့် သီးသန့်စာချုပ် ချုပ်ဆိုခဲ့သည့် မင်းသမီးတဦးလည်းဖြစ်သည်။
ယခင်ကတည်းက မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်နှင့် ပလူးပလဲ လုပ်ခဲ့သော်လည်း ယင်းအချိန်က ဝတ်မှုန်ရွှေရည်ကို နိုင်ငံရေး အခြေအနေ မပြင်းထန်သေးသောကြောင့် ပြည်သူက ဝေဖန်မှု သိပ်မရှိခဲ့ပေ။ သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ စစ်တပ်နှင့် ပူးပေါင်းသည့် မည်သည့်လုပ်ငန်းမဆိုကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်လာခဲ့ရာ၊ သူမ၏ အတိတ်က လက်တွဲမှုများသည်ပင် ဝေဖန်စရာ အချက်များအဖြစ် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကဲ့သို့သော အဖွဲ့အစည်းများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိဘဲ စစ်တပ်နှင့် ပူးပေါင်းလုပ်ကိုင်နေသည်ဟု ယူဆရသည့် အနုပညာရှင်များအပေါ် လူမှုရေးအရ ပြစ်ဒဏ်ချမှတ်ရန် တိုက်တွန်းသည့် ထုတ်ပြန်ကြေညာချက်များတွင် ဝတ်မှုန်ရွှေရည်သည်လည်း အမည်ပါဝင်ခဲ့သည်။
ဝတ်မှုန်ရွှေရည်အပေါ် လူထု၏ ဝေဖန်မှု မီးတောက်များ ပြင်းထန်လာရခြင်းမှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ စီးပွားရေး လူယုံ နိုင်ဖြိုးကျော် နှင့် လက်ထပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ နိုင်ဖြိုးကျော်သည် စစ်တပ်နှင့် အကျိုးစီးပွားအရ နီးစပ်မှုရှိသူအဖြစ် လူသိများသူဖြစ်သည်။
နိုင်ဖြိုးကျော်မှာ စစ်ခေါင်းဆောင်သမီးနှင့်အတူ 7th Sense ထုတ်လုပ်ရေးကို အတူပူးတွဲ လုပ်ကိုင်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း 7th Sense ကို ပြည်သူများက သပိတ်မှောက်သဖြင့် ထုတ်လုပ်ရေးအမည်များ ပြောင်းလုပ်ကိုင်ခဲ့ရသည်။
ယင်းအပြင် နိုင်ဖြိုးကျော်က မင်းအောင်လှိုင် သားသမီးများနှင့်အတူ ပြည်တွင်းတွင် လျှပ်စစ်ကားတင်သွင်းရောင်းချခြင်း ၊ဆိုလာပစ္စည်းများ ရောင်းချခြင်း၊ စစ်တပ်အတွက် ဒရုန်းများ တင်သွင်းပေးခြင်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။
ဝတ်မှုန်ရွှေရည်မှာ စစ်တပ်နှင့်ပတ်သက်သော စီးပွားရေးနှင့် စစ်တပ်ကိုထောက်ခံသော နိုင်ငံရေးကို အသုံးချကာ ကိုယ်ကျိုး စီးပွားဖြစ်ရေး အဓိက လုပ်ဆောင်လာသည်။ Bebee TV ၊ M Entertainment Channel ၊ W Entertainment Channel ထူ ထောင်ကာ လူထုကို ဝါဒဖြန့် အဆိပ်ခပ်ရန် ရည်ရွယ်ပြီး ရုပ်ရှင်ဇာတ်ကားများကို ထုတ်လုပ်သူနာမည် မျိုးစုံချိန်းကာ ထုတ်လုပ်လျက်ရှိသည်။
ဝတ်မှုန်ရွှေရည်မှာ မင်းအောင်လှိုင်သား၊ချွေးမနှင့်သမီးတို့နှင့် အကျိုးပူးပေါင်း၍ Bebee TV နှင့် Show Like Application တို့ကို ထူထောင်မိတ်ဆက်ပြီး မြန်မာ့ရုပ်ရှင်နှင့် အနုပညာ ဖျော်ဖြေရေး စျေးကွက်ထဲသို့ နည်းလမ်းမျိုးစုံဖြင့် ပြန်လည် ဝင်ရောက်လာစေရန် ကြိုးစားလျက်ရှိသည်။
မင်းအောင်လှိုင် မိသားစုက နောက်ကွယ် ချုပ်ကိုင်ထားသော Bebee TV တွင် ပထမဆုံးပြသခဲ့သည့် ရုပ်သံဇတ်လမ်းတွဲ “နတ် သမီးနက္ခတ် (Venus’ Luck)” ဖြစ်ပြီး အဆိုပါ ဇတ်လမ်းတွဲတွင် ဝတ်မှုန်ရွှေရည်က ဦးဆောင်၍ သရုပ်ဆောင်ထားသည်။
ဝတ်မှုန် ရွှေရည်က W Entertainment ကိုလည်း ထူထောင်ထားပြီး Bebee TV နှင့်ပူးတွဲ၍ ဇတ်လမ်းတွဲများ ထုတ်လုပ်နေ သည်။
လတ်တလော နတ်ဝင်သည်ဇာတ်ကားကိုဝတ်မှုန်ရွှေရည်၏ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ W Entertainment က ရိုက်ကူးထုတ်လုပ်ထားပြီး အောက်တို ဘာ ၃၁ ရက်နေ့တွင် ရုံတင်ပြသခဲ့သည်။ သို့သော်လည်း လက်ရှိအချိန် ယင်းဇတ်ကားကို အားပေးသူလျော့ပါးလျက်ရှိပြီး ပြည်သူလူထု၏ သပိတ်မှောက်မှုက အောင်မြင်လျက်ရှိသည်။
“ စစ်အာဏာရှင်စနစ်မှာ ‘အဆိပ်ပင်’ ဆိုလျှင် ဝတ်မှုန်ရွှေရည် က ‘အဆိပ်ပင်’ ကို ရေလောင်းနေသူဖြစ်ပြီး ပြည်သူကို အဆိပ်ခတ်နေသူဖြစ်သည်။
(ငြိမ်းဒေဝီခင်သည် ရန်ကုန်ခေတ်သစ်၏ အလွတ်သတင်းထောက် တစ်ဦးဖြစ်သည်။)




