စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထုံးဘိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ် ထပ်မံမီးရှို့နေကြောင်း Wetlet Informational Network တာဝန်ခံ ကို မုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အနောက်ခြမ်း ရွာသာကြီးရွာ အထိုင်စခန်းမှာ ထွက်လာသော အကြမ်းဖက် စစ်သားများသည် ထုံးဘိုရွာကို ထပ်မံ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၅ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အတွင်းရှိ တမာကုန်းရွာ၊ ရွာတော်ကုန်းရွာ၊ တံတားဦးရွာ၊ ထုံးဘိုရွာ ၊ ထုံဘိုရွာ အရှေ့ဘက် တံတားညီနောင်အနီးရှိ နေအိမ်များနှင့် မြင်တော်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကက္ကိုလ်စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး နေအိမ်များကို မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဇော်ဂျီတောင်မှတဆင့် သရက်ကန်ပျူရွာသို့ စတင်ရောက်ခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ပခုက္ကူတပ်မ ၁၀၁ မှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် စတင်ထွက်ခွာလာပြီး ညောင်ဂျစ်ပင်ပျူရွာ၊ ကမ္မမြို့တို့တွင် ပြည်သူများနေထိုင်သည့်နေရာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်း စစ်ကြောင်းသည် တွင်းမပျူစောထီးရွာ မြောက်ဘက်ရှိ နှမ်းဆီကန်ရွာကိုလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းသည် သရက်ကန်ပျူရွာအတွင်း၌ ရှိနေသေးကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒေါင်းသာကျေးရွာအနီးရှိ နေအိမ်များကို ဆက်လက်မီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၂၂ မှ ထွက်လာသော တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၀၉ ၊ ၄၁၉ ၊ ၁၄ တို့ ပူးပေါင်းထားသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် ရိုးကြီးရွာအနောက်ဘက်တွင် ရှားပင်ရေရွာ မိုးကောင်းချောင်းမှ အသက် ၃၀ ကျော်အရွယ် ကိုရွှေမင်းနှင့် ရိုကြီးတောမှ အသက် ၄၀ အရွယ် ကိုကျော်နိုင်ထွန်းတို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထို စစ်ကြောင်းသည် ချက်ကန်ရွာစာသင်ကျောင်းကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ချက်ကန်ရွာမှတဆင့် ပင်တောင် ပျူစောထီးရွာနှင့် ဒီးဒုတ်ကွင်းရွာ ပျူစောထီးရွာကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ထွက်ခွာသွားကြောင်း၊ ထို့နောက် နိုဝင်ဘာလ ၃ ရက်နေ့တွင် ယင်းစစ်ကြောင်းသည် ပျူစောထီးများနှင့် ပူးပေါင်းကာ အင်အား ၅၀၀ ခန့်ဖြင့် ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် နိုဝင်ဘာလ ၆ ရက်နေ့တွင် သရဖီရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် လယ်လမ်းကျေးရွာနှင့် မြေခြားကျေးရွာရှိ စစ်ရှောင်များနေထိုင်သော တောတဲများကို ထပ်မံ မီးရှို့ဖျက်ဆီးနေကြောင်း၊ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေပြီး ဒေါင်းသာကျေးရွာအနီးရှိ နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၉ ရွာမှ အိမ်ထောင်စု ၃၀၀၀ ကျော် ပြည်သူ ၁၂၀၀၀ ကျော်သည် ဘေးလွတ်ရာ တောတောင်များအတွင်း ထွတ်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနက ပြောဆိုထားသည်။






