မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်မှ စစ်မှုထမ်း တပ်သား ၁ ဦး သေနတ် ၁ လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ပေါက်မြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးရန် ဝင်ရောက်လာသော တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄ (ကျောက်ဆည်) တပ်ရင်းမှ စစ်မှုထမ်း သင်တန်းသစ် ၁ ဦး ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှု တပ်သားသစ် ၁ ဦး MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ 5.56 ကျည် ၁၀၀ ၊ အီနာဂါ တစ်လုံး ၊ လက်ပစ် တစ်လုံးနှင့် RPG ဖူး တစ်ဖူးတို့ယူဆောင်လာကြောင်း သိရှိရသည်။
ပြည်သူလူထုက ထောက်ခံမှုမရှိသော အကြမ်းဖက် စစ်သား၊ ပျူစောထီးများ အနေဖြင့် စစ်တပ် လက်အောက်တွင် မနေထိုင်ဘဲ သက်ဆိုင်ရာ တော်လှန်ရေး နယ်မြေခံများနှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်ကြရန်နှင့် ပေါက်မြို့နယ် ပကဖ အနေဖြင့် ဒေသအတွင်းစစ်ရေး လုပ်ဆောင်မှုများ အရှိန်အဟုန်ဖြင့် တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းရန်ကို အထူးသတိထားကြရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးနှိုးဆော်ထားသည်။




