ရန်ကုန်၊ နိုဝင်ဘာ ၁၀
အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို ထောက်ခံသော လှုပ်ရှားမှု ကမ်ပိန်းများတွင် နာမည်ကျော် မင်းသား၊ မင်းသမီးနှင့် အနုပညာရှင်များ အားလုံးပါဝင်ရေး Forever Group မှ စစ်ထောက်လှမ်းဟောင်းအရာရှိဟောင်း သိန်းထွန်းအောင်က ဦးစီး ဖိအားပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
စစ်တက္ကသိုလ်အပတ်စဉ် ၂၂ ကျောင်းဆင်းဖြစ်ခဲ့သော စစ်ထောက်လှမ်းရေးဟောင်းလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်သော သိန်းထွန်းအောင်က စစ်တပ်၏ ရွေးကောက်ပွဲကို ထောက်ခံသော လှုပ်ရှားမှု ကမ်ပိန်း များအားလုံးတွင် အနုပညာရှင်များအားလုံး၊ အဆိုတော်များအားလုံးပါဝင်ရေးအတွက် အဓိက ဦးစီးလုပ်ဆောင် ဖိအားပေးနေသူဖြစ်သည်။
ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်းကလည်း စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်း အတူတက်ခဲ့သော သိန်းထွန်းအောင်ကို စစ်တပ်၏ ပေါ်လစီ လိမ်လည်ဝါဒဖြန့်သော လှုပ်ရှားမှုများနှင့် ပေါ်လစီရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးရန် တာဝန်ပေးအပ်ထားကြောင်း သိရှိရသည်။
သိန်းထွန်းအောင်မှာ ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် ဒု ဗိုလ်ချုပ်ကြီးရာပြည့် ၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းတို့နှင့် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ကို အတူတက်ခဲ့သူလည်းဖြစ်သည်။
“အခု ရွေးကောက်ပွဲအတွက် ပေါ်လစီ ဇာတ်လမ်းတွေ ရိုက်တာ၊ သီချင်း၊ ကမ်ပိန်း လှုပ်ရှားမှုတွေ အကုန်လုံးက ဦးသိန်းထွန်းအောင်က ဦးစီးလုပ်တာ။ ပြန်ကြားရေးဝန်ကြီးကလည်း သူ့ကိုပဲ တာဝန်ပေးတာ။ အာဏာ ပါဝါ ပြနေတာ သူပဲ” ဟု ပြန် ကြားရေး ဝန်ကြီးဌာန သတင်းရင်းမြစ်က ရှင်းပြသည်။
သိန်းထွန်းအောင်သည် တစ်ဖက်တွင်လည်း Forever Group ၏ ထူထောင်သူ၊ ဒုတိယဥက္ကဋ္ဌ နှင့်တာဝန်ခံ တစ်ဦးဖြစ်ပြီး ပင်းတယတွင် ရုပ်ရှင်မြို့တော် တည်ဆောက်ကာ မြေဧက ရာပေါင်းများစွာ ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။





