ရန်ကုန်၊ နိုဝင်ဘာ ၁၀
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၄ အမြောက်တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံး၊ အမှတ် ၉ ခြေမြန်တပ်ရင်းက ၆၀ မမ လက်နက်ကြီး ၅ လုံး ပတ်ခတ်ခဲ့ရာ နောင်ကတုတ်အောက်ရွာ လှသာကုန်းကွင်းတွင် ၁ လုံး၊ မိချောင်းအိုင်ရွာ အနီးဝန်းကျင်ကို ၁ လုံး၊ ချောင်းစောင့်ရွာ အတွင်း လက်နက်ကြီး ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၇ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရေဝေကျေးရွာ၊ နောင်ကတုတ်အထက်ရွာ၊ ကော့လှိုင်းရွာ၊ ဝင်ဖုန်းတောင်ခြေ၊ မိချောင်းအိုင်ရွာ၊ ရွှေကြည်ရွာ နှင့် ရေတွင်းဖြူ ရွာတို့အတွင်း Mi-17 ရဟတ်ယာဉ်ဖြင့် ၈၁ မမ လက်နက်ကြီး ၃၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ရေဝေရွာတွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် နော်နိုင်းနိုင်းနှင့် နောင်ကတုတ်အထက်ရွာမှ အသက် ၅၅ နှစ်အရွယ် စောမောင်ဝင်းမြင့် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ ခမရ- ၉ က ၆၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ချောင်းစောင့်ရွာ အနီးတဝိုက်ကို ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ လုပ်ငန်းခွင်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သီးနှံပင်များ ထိခိုက် ပျက်းစီးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင်လည်း အမှတ်-၉ လေ့ကျင့်ရေးတပ်ရင်းက ဒရုန်းဖြင့် ချောင်းစောင့်ကျေးရွာ အတွင်းကို ဗုံး ၁ လုံး၊ ရွှေရောင်ပြရွာအတွင်းကို ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့နေကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ကျီကျင်းရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ကျီကျင်းရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်ထိ စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း လှည့်လည်သွားလာနေဆဲဖြစ်ကြောင်း သိရှိရသည်။






