31 C
Yangon

ဒီပဲယင်း၊ ဆပ်ပြာကျင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲမှု ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာပြင်းထန်သူများပါဝင်ကာ နေအိမ်များလည်း မီးလောင်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာပြင်းထန်သူများပါဝင်ကာ နေအိမ်များလည်း မီးလောင်နေကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထို့ပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး ရှိပါတယ်။ ရွာထဲကျတာလို့ သိထားရပါတယ်။ ထိခိုက်မှု အသေးစိတ်ကိုတော့ မပြောနိုင်သေးပါဘူး။ ပြည်သူ ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာတာလဲဆိုတာ အရေအတွက်ကို အတည်မပြုနိုင်သေးတာပါ။ မြေပြင်မှာလည်း ကယ်ဆယ်ရေး တွေ လုပ်ဆောင်နေတော့ ရှုပ်ထွေးနေပါတယ်။ လေကြောင်းကလည်း ဆက်တိုက်တက်နေဆဲပါ။ နေအိမ် ပျက်စီးတာမျိုးလည်း ရှိပါတယ်။ မြေပြင်က အဖွဲ့အစည်းတွေ အားလုံးကြိုးစားနေဆဲပါ။ ၃ ကြိမ်တိတိ ဂျက်ဖိုက်တာနဲ့ပစ်တာပါ” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုသို့ လေကြောင်း တိုက်ခိုက်သွားပြီးနောက် ယနေ့ ညနေ ၆ နာရီခန့်တွင် ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၄ လုံးဆက်တိုက် ပစ်ချ တိုက်ခိုက်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက် ဒဏ်ရာရရှိသူများရှိပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်ကာ လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ‌ နေအိမ်များ မီးလောင်နေကြောင်း သိရသည်။

“အခုအချိန်ထိ ပြင်းထန်ဒဏ်ရာ စိုးရိမ်ရ တာပဲရှိပါတယ်။ သေဆုံးသူမရှိသေးပါဘူး။ ထိခိုက်မှုကတော့ အတိအကျ စာရင်းမယူနိုင်သေးပါဘူး။ ဒဏ်ရာရတဲ့ ပြည်သူ အရမ်းများတယ်လို့တော့ မဆိုနိုင်ပါဘူး။ အရေအတွက် အတိအကျ မသိရသေးတဲ့အတွက် အဲ့အကြောင်းမပြောလိုပါဘူး” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း ဒီပဲယင်းမြို့နယ်၊ ဗုဒ္ဓမ်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အထူးသတိ အသိ ရှိကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း အသိးပေးနှိုးဆော်ထားသည်။

ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟာင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article