25 C
Yangon

မုံရွာနှင့်စစ်ကိုင်း တို့တွင် စစ်တပ် စစ်ကြောင်းနှင့် ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများ၊ စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုများပြား၍ လက်နက်ကြီး၊ စက်တပ်လေထီးများဖြင့် ပစ်ကူယူကာ ပြန်ဆုတ်သွားကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း စစ်ကြောင်းမှူး ကြွက်ကလေး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ်၊ သာစည်ရွာမှ ကျောက်စစ်ပုံ အမြောက်တပ်ကို ပြန်ဆုတ်လာသည့် အင်အား ၈၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒါန်းပင်တဲရွာ ၊ ကိုးပင်ရွာ နှင့် ထန်းပင်လှရွာ အနီးတို့တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ထိခိုက်မှုများပြား၍ ကျောက်စစ်ပုံ အမြောက်တပ်က လက်နက်ကြီး ၁၀ လုံးကျော်ဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး မုံရွာနမခမှ တက်လာသော စက်တပ်လေထီး ၂ စီးကလည်း လာရောက်ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ ထိုစစ်တပ် စစ်ကြောင်းကိုလည်း ကျောက်စစ်ပုံ အမြောက်တပ် စစ်ကူများက သံပြားကာ ကားများဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“သာစည်ရွာကနေ ကျောက်စစ်ပုံအမြောက်တပ်ကို ပြန်ခေါက်လာတဲ့ အင်အား ၈၀ ပါစစ်ကြောင်းကို ဒါန်းပင်တဲရွာ၊ ကိုးပင်ရွာနဲ့ ထန်းပင်လှရွာ အနီးမှာ ကျနော်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲဖြစ်ပွားတဲ့ နေရာကို ကျောက်စစ်ပုံ အမြောက်တပ်က လက်နက်ကြီး ၁၀ လုံးကျော် ပစ်ကူတိုက်ခိုက်တယ်။ မုံရွာနမခကနေလည်း စက်တပ်လေထီး ၂ စီးက ဗုံးကျဲ တိုက်ခိုက်သွားတယ်။ စစ်ခွေး စစ်ကြောင်းကိုတော့ ကျောက်စစ်ပုံတပ်ကနေ တပ်ကူတွေ လွှတ်ပြီး သံပြားကာကားတွေနဲ့ လာရောက်ခေါ်ဆောင်သွားတယ်” ဟု ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း စစ်ကြောင်းမှူး ကြွက်ကလေး က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြာင်း ၊ မုံရွာမြို့နယ် တိုက်နယ် ၅ နှင့် မုံရွာခရိုင် တပ်ရင်း ၁၈ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလာားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် စစ်ယာဉ်တန်းကိုလုံခြုံရေးယူပေးနေ သောစစ်သားများအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၃ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ကံတလူတိုးဂိတ်အနီးရှိ ကုန်းရွာ ကျေးရွာထိပ် ရေမြောင်းဘောင်ပေါ်နှင့်ဘေးပတ်ပတ်လည်တွင် စစ်ကိုင်းမြို့တပ်မ ၃၃ မှ မုံရွာမြို့အခြေစိုက် အ နောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခသို့ စစ်အင်အားဖြည့်တင်းရန် သွားရောက်မည့် ယာဉ်တန်း အားလုံးခြုံရေးယူပေးနေသော စစ်သား ၂၀ အား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“စစ်ကြောင်းထိုးဖို့ မုံရွာ နမခကို ပို့တဲ့စစ်သားတွေပါ။ သံပြားကာ ကား ၇ စီးနဲ့ ပို့တာ။ အဲဒီကားတန်း ကိုလုံခြုံရေးယူပေးဖို့ စောင့်နေတဲ့ စခတွေကို ဝင်တိုက်ခိုက်ခဲ့တာပါ။ အင်တာနက်လိုင်းအခက်အခဲ ကြောင့် အခုမှ ထုတ်ပြန်ရခြင်းပါတယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်သားများထံမှ လက်နက်ကောက်ယူရန် ကြိုး စားခဲ့သော်လည်း ကံတလူတိုးဂိတ်မှ စစ်သားများ စစ်ကူရောက်ရှိလာသောကြောင့် ကောက်ယူနိုင် ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ကာ ကုန်းရွာရှိ ပြည်သူ့နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article