စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်တွင် ထောင်ပိုင် ဦးအောင်မိုးဝင်းနှင့် အကျဉ်းဦးစီး အရာရှိ ဝန်ထမ်းများက အကျဉ်းသားများကို အသုံးချ၍ ငွေကြေးရှာဖွေမှုများနှင့် လာဘ်စားမှုများ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံ ရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မော်လိုက်အကျဉ်းထောင်အတွင်း အကျဉ်းသားများကို ပရိဘောပစ္စည်းထုတ်လုပ်ရေးကို ဖိအားပေး ခိုင်းစေကာ အိမ်တွင်းသုံးနှင့် ဧည့်ခန်းသုံး ပစ္စည်းများကို ရောင်းချခိုင်းပြီး တစ်လလျှင် ငွေကျပ် သိန်း ၅၀၀ ခန့် အနည်းဆုံးရှာခိုင်းနေကြောင်း၊ ရရှိငွေများကို ထောင်ပိုင်နှင့်အကျဉ်းဦးစီးအရာရှိဝန်ထမ်းများမှ အဓိကရယူကြောင်း၊ ထို့ပြင် အကျဉ်းထောင်အတွင်း တားမြစ်ပစ္စည်းဖြစ်သည့် ကွမ်းယာများ ယူဆောင်တင်သွင်းခွင့်မပြုရဟု အမိန့်ထုတ်ပြန်ပြီး ထောင်အတွင်းတွင် ကွမ်းယာရောင်းဝယ်ရေးကို အကျဉ်း ဦးစီးဌာနက လုပ်ကိုင်လျက်ရှိကြောင်း၊ တစ်နေ့လျှင် ကွမ်းထုပ်ရေ ၄၀၀ ခန့် ရောင်းချနေပြီး အဆိုပါ ကွမ်းရောင်း ဝယ်ရေး လုပ်ငန်းတွင် ထောင်ပိုင်၏ ဇနီးဖြစ်သူက အဓိက လုပ်ကိုင်နေကြောင်း သိရှိရသည်။
ထို့ပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို ထောင်အာဏာပိုင်များက ၎င်းတို့၏ အကျိုးစီးပွားအတွက် လုပ်ကိုင်နေပြီး ထောင်တွင်း မွေးမြူရေး နွားနှင့်ကြက်များအပါအဝင် စိုက်ပျိုးရေးမှရရှိသည့် သီးနှံများကို ပြင်ပဝယ်ယူလိုသူများထံသို့ရောင်းချရှိကြောင်း၊ အကျဉ်းသားများရိက္ခာအတွက် စိုက်ပျိုးစားသောက်ခွင့်ကို ကန့်သတ်ထားကြောင်း သိရှိရသည်။
အဆိုပါ ငွေကြေးရှာဖွေမှုများအပြင် အိပ်ဆောင်အတွင်း အလုပ်မလုပ်လိုသည့် အကျဉ်းသားများဆီမှ တစ်လလျှင် ငွေ ၁ သိန်းခန့် အကျဉ်းဦးစီးဝန်ထမ်း ဟန်ဝင်းအောင်မှ တစ်ဆင့် ထောင်ပိုင်ထံသို့ လာဘ်ငွေ ပေးသွင်းရကြောင်း သိရှိရသည်။
“ဒါ ၂ လတာ အချိန်ယူပြီးမှ စုံစမ်းဖော်ထုတ်ထားတဲ့ ဖော်ထုတ်ချက်ဖြစ်ပါတယ်။ ဒါက ခေတ်ပျက်ကြီးထဲမှာ ပိုပြီးမှ စီးပွားရှာလာတဲ့ အကျဉ်းဦးစီးဝန်ထမ်တွေက နိုင်ငံရေးအကျဉ်းသားတွေ, အကျဉ်းသားတွေ များလာလေလေ သူတို့အတွက် ဝင်ငွေများလာလေလေဆိုတဲ့ သဘောတရားကို ပိုပြီးမှ အကောင်အထည်ဖော်နေတယ်။ ငွေကြေးရလာမှုနဲ့အတူ အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပိုပြီးမှ ဖိနှိပ်တာ လက်ရဲဇက်ရဲလုပ်လာနိုင်တာ တွေ့ရတယ်။ ဒီအခြေအနေတွေကို ဖြေဖျောက်ဖို့ သူတို့ရဲ့ သက်ဆိုင်ရာဘက်က လာဘ်စားမှုတွေကို အရေးယူဆောင်ရွက်မှုမလုပ်ခဲ့ရင်တောင်မှ ကျွန်တော်တို့ တော်လှန်ရေးဘက်ခြမ်းက ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လူမှုရေးပြစ်ဒဏ်တွေ၊ နယ်မြေတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး အပြစ်ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကျဉ်းသားများကို အသုံးချ၍ စီးပွားရှာနေသော်လည်း အကျဉ်းသားများမှာမူ မည်သည့် အကျိုးခံစားခွင့်ကိုမှ မရကြောင်း၊ လာဘ်စားမှုနှင့် ကိုယ်ကျိုးစီးပွားရှာဖွေနေသည့် ထောင်အာဏာပိုင်များကို လူမှုရေးပြစ်ဒဏ်ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်နေမှုများအတွက်လည်း တာဝန်ခံမှု အမြန်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိပြီး PPNM အဖွဲ့အစည်းအနေဖြင့်လည်း ထိရောက်သည့် ဖိအားပေးအရေးယူမှုများ ဖြစ်လာစေရေး ကလေးမြို့အနီးရှိ မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာထားသည်။




