ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ ပဲ အကြမ်းဖက်စစ်တပ်က Y12 လေယာဉ်ဖြင့် အကြိမ်ရေ ၃၀ ကျော် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၁ နှစ်အရွယ် ကလေးငယ် ဒဏ်ရာရရှိပြီး မိခင်ဖြစ်သူမှာလည်း ဗုံးထိမှန် သေဆုံးသွားကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၂၃ မိနစ်မှ ၂ နာရီခန့်အထိ မြစ်ကြီးနားမြို့လေယာဉ်ကွင်း မှ တက်လာ သော Y12 လေယာဉ်ဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကထန်ကျေးရွာ အတွင်းသို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ ဗုံးအသီးအလုံးရေ ၃၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ကထန်ကျေးရွာ ကွက်သစ်နေ အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် ပြည်သူ ၁ ဦးဒဏ်ရာရရှိကြောင်း၊ ကလေးမိခင်မှာမူ ဗုံးထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့မွန်းလွဲ ၁ နာရီ ၂၀ လောက်မှာ မြစ်ကြီးနားလေတပ်က တက်လာတဲ့ Y12 နဲ့ဖားကန့် အ နောက်ဘက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဗုံးကျဲသွားတာ၊ ဗုံး အလုံး ၃၀ လောက်ရှိတယ်။ ကထန်မှော်ဘက်တကြောကျဲသွားတာ။ တိုက်ပွဲမရှိတဲ့နေရာတွေ ဗုံးကျဲတဲ့အတွက် အရပ်သားပြည်သူ သား အမိနှစ်ယောက် ဗုံးထိမှန်ဒဏ်ရာရတာရှိတယ်။ အမေကတော့ ဆုံးသွားပါတယ်။ ထိတာက ၃ ယောက်၊ နောက်ထပ်ပြည်သူတစ်ယောက်ရှိသေးတယ်၊ ရွာထဲကျဲချလို့လေ။တိုက်ပွဲဖြစ်ပွား ခြင်း မရှိ သလို လက်နက်ကိုင်တပ်ဖွဲ့တွေ နေထိုင်ခြင်း မရှိတဲ့ အရပ်သားပြည်သူ တွေနေတဲ့နေရာကို ဦးတည် ပြီး ဗုံးကျဲသွားတာ။” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်အချိန်ကလည်း KIA တပ်မဟာ ၉ ၊ တပ်ရင်း ၂၆ အင်းတော်ကြီးဒေသ၊တုံပင်ရွာအနီးသို့ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် ၄ ရက်ခန့်ကစ၍ မြစ်ကြီးနားအခြေစိုက် ရဲတပ်ရင်း ၃၀ မှ တိုက်ခိုက်ရေး ရဲများနှင့် စစ် သား ပူးပေါင်း အင်အား ၃၀၀ ခန့် ဖားကန့်မြို့ကို ဖြည့်တင်းကာ စစ်ကြောင်းထိုးလှုပ်ရှားလျက်ရှိသော ကြောင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ မိုင်းများဖြင့် တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားနေကြောင်း သိရသည်။
“လွန်ခဲ့တဲ့ ၄ ရက်လောက်က အင်အား ၃၀၀ ခန့်၊ တိုက်ခိုက်ရေးရဲ မြစ်ကြီးနား အခြေစိုက် အမှတ် ၃၀ ရဲတပ်ရင်းကနေ ရဲ ၁၀၀ ကျော်၊ စစ်သားတွေရောပေါ့၊ အင်အား ၃၀၀ ကျော်ရောက်လာတယ်။ အဲဒီ အင် အားတွေ ရောက်လာကတည်းက ဒီနေ့အထိဆိုရင် ၄ ရက်ပေါ့၊ သူတို့ စစ်ကြောင်းသွားတဲ့ နေရာ တွေကို KIA ၊ KPDF တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်တယ်၊ ဒရုန်းဗုံးကျဲ တယ်၊ မိုင်းဆွဲတိုက်ခိုက် တာတွေလုပ်တော့ တိုက်ပွဲတောက်လျှောက်ဖြစ်နေတယ်။ မနေ့တုန်းကလည်း မှော်ဆီဇာလမ်းဆုံမှာ စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်တာ ခွေးတွေ ထိခိုက်သေဆုံးတာများတယ်။ များတော့ ဒီနေ့ လေယာဉ်နဲ့ဗုံးလာကျဲသွားတာ။” ဟု ဖားကန့်သတင်းရင်းမြစ်က ရှင်းပြသည်။







