အကြမ်းဖက် စစ်အုပ်စု ပြုလုပ်မည့် အတုယောင် ရွေးကောက်ပွဲတွင် ပါဝင်သူများကို အရေးယူရန် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရေးဆွဲနေကြောင်း Mon State Federal Council – MSFC မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီက အကြမ်းဖက် စစ်တပ် ပြုလုပ်ကျင်းပမည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် မူဝါဒ ရပ်တည်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါ မူဝါဒ ရပ်တည်ချက်စာတမ်းတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် စစ်ကောင်စီ (စစ်ကော်မရှင်) ကို အကြမ်းဖက်စစ်အုပ်စု ဟု မှတ်ယူမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲသည်လည်း “ဖက်ဆစ် လူရွေးပွဲ” ဟု အမည်တွင်မည်သာ ဖြစ်ကြောင်း ပြောဆိုထားသည်။
ထို့ပြင် အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မည့် ရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး နောက်ထပ် နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုရန်၊ လက်နက်ကိုင် လူသတ်လိုင်စင်ရယူရန်၊ စစ်အာဏာရှင်စနစ်တည်မြဲရန် ရည်ရွယ်ပြီး ကျင်းပသည့် ရွေးကောက်ပွဲသာဖြစ်ကြောင်း၊ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် စစ်ကောင်စီမှ ပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို (ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲ ကျင်းပစဉ်နှင့်၊ ရွေးကောက်ပွဲအလွန်) ကာလသုံးပါးစလုံးတွင် ဆန့်ကျင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အတိအလင်း ဖော်ပြထားသည်။
“စစ်အုပ်စု ရွေးကောက်ပွဲမှာ ပါဝင်မယ့် သူတွေကို အရေးယူနိုင်ဖို့ ကျွန်မတို့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်း ကိုရေးဆွဲနေပါတယ်။ အမြန်ဆုံးပြီးအောင်ရေးဆွဲနေပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက တရားမဝင်ပါဘူး။ ဒါကြောင့် ပြည်သူများအားလုံး ဆန့်ကျင်ကြဖို့ တိုက်တွန်းပါတယ်။ နိုင်ငံတကာကလည်း အတုအယောင်ရွေးကောက်ပွဲဖြစ်ကြောင်း အသိအမှတ်မပြုဖို့ကိုလည်း သတင်းစကားပါးချင်ပါတယ်” ဟု Mon State Federal Council – MSFC မှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။
ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံခြင်း၊ မိမိအတွက်ဖြစ်စေ၊ အစုအဖွဲ့တစ်ခုခုအတွက်ဖြစ်စေ၊ ပုဂ္ဂိုလ် တစ်ဦးဦးအတွက်ဖြစ်စေ မဲဆွယ်စည်းရုံးမှုပြုခြင်း၊ မဲဆွယ်စည်းရုံးမှုပြုသည်ကို ကူညီပံ့ပိုးခြင်း တို့အပါအဝင် အဆိုပါ အတုအယောင်ရွေးကောက်ပွဲ အထမြောက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ပါဝင် ပတ်သက်မှုပြုခြင်း၊ ပံ့ပိုးကူညီမှုပြုခြင်း၊ အားပေးခြင်းများ မပြုလုပ်ရန်နှင့် ထိုသို့ပြုလုပ်ပါက မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း Mon State Federal Council – MSFC မှ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆိုသည်။




