23 C
Yangon

မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာအနီး တပ်စွဲထားသော စစ်တပ်က လုံခြုံရေး အကြောင်းပြ၍ ပြည်သူများကို ၃ ရက်အတွင်း ရွာလုံးကျွတ် ပြောင်းရွေ့ခိုင်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ဘန့်ဘွေးကုန်းရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လုံခြုံရေး အကြောင်းပြ၍ ပြည်သူများကို ၃ ရက်အတွင်း ရွာလုံးကျွတ် ပြောင်းရွေ့ခိုင်းထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က စပြီး အကြမ်းဖက် စစ်တပ်က မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဘန့်ဘွေးကုန်းရွာမှ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ၃ ရက်အတွင်း ရွာလုံးကျွတ် ပြောင်းရွေ့ခိုင်းထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုဘန့်ဘွေးကုန်းရွာအနီးတွင်လည်း အကြမ်းဖက် စစ်တပ်က တပ်စွဲထားပြီး ၎င်းတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ကျေးရွာအတွင်းမှ လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ပြောင်းရွေ့ခိုင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

“မင်းလှမြို့နယ် အပိုင် ပဲခူးရိုးမထဲမှာရှိ ဘန့်ဘွေးကုန်းရွာကို စစ်ခွေးတွေက ၃ ရက်အတွင်း ရွှေ့ခိုင်းထားတာ ဘာကြောင့်အဲလိုပြောင်းခိုင်းတာလဲမေးတော့ လုံခြုံရေးကြောင့်လို့ပြောပါတယ်။ တကယ်က သူတို့ကို PDF တွေက လာတိုက်မှာကို ကြောက်ပြီး ပစ်ကွင်းရှင်းတဲ့ အနေနဲ့ ပြောင်းခိုင်းတာ သူတို့ တိုက်ခံရမှာကို စစ်ခွေးတွေ သေအောင်ကြောက်နေတာ အဲတာမို့ ပြည်သူတွေကို ပြောင်းခိုင်းတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ဘန့်ဘွေးကုန်းရွာသည် ပဲခူးရိုးမအတွင်းတည်ရှိသော ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအနီး တပ်စွဲထားကာ ရိုးမအတွင်း စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် မေလပိုင်းကလည်း မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးသည် ဘန့်ဘွေးကုန်းရွာအနီးရှိ မုက္ခာဆည်တွင် မူးရူး သောက်စာပြီး ရေဆင်းချိုးရာမှ စစ်သား ၁ ဦး မြွေကိုက်ခံရပြီး သေဆုံးကာ ကျန် ၁ ဦးသည် ရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article