ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ခမရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး ဒရုန်းဂန်း ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် မှ တိုင်းတာ၀န်ခံ ကိုနောင်ချိုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်
နိုဝင်ဘာလ ၇ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ခမရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၄ မှ စစ်မှုထမ်း တပ်သားသစ် စိုးထက်ကျော်သည် ဒရုန်းဂန်း ၁ လက်နှင့် ခဲယမ်းများ ယူ ဆောင်လာပြီး နေပြည်တော်- ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် စိုးထက်ကျော်သည် ဒရုန်းဂန်း ၁ လက် ၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ MA-11 ကျည်ဘောက် ၂ ဘောက်၊ ၅.၅၆ ကျည် ၅၀ တောင့်၊ ဆက်သွယ်ရေး စကားပြောစက် ၂ လုံး တို့ယူဆောင်လာကြောင်း၊ ၎င်းကို လက်ရှိအချိန်တွင် စစ်ဆေးမေးမြန်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“အလင်းဝင်ရောက် လာတာသူက မကွေးတိုင်းထဲကပါ။ မြို့ပေါ်ကို ဖုန်းတက်ဝယ်ပြီး အပြန်မှာ ကားပေါ်ဆွဲတင်သွားပြီး စစ်မှုထမ်းအဖြစ် စုဆောင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ မကွေးတိုင်း စုဆောင်ရေး ဌာနကို ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ အလင်း ဝင်ရောက်လာတဲ့သူကတော့ စစ်မှုထမ်း အပတ်စဉ် ၄ ကပါ။ တောင်တွင်းကြီး လေ့ကျင့်ရေး ၇ ကပါ။ သူ့ကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ကတော့ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်လက်တင်ပြပြီး ဂုဏ်ပြုငွေ ချီးမြှင့်ဖို့ ဆောင်ရွက်သွားပါ့မယ်” ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့ – နေပြည်တော် မှ တိုင်းတာ၀န်ခံ ကိုနောင်ချိုက ပြောဆိုသည်။
စစ်တပ် လက်အောက်တွင် ဆက်လက်အမှုထမ်းနေသော တပ်သားများအနေဖြင့် အာဏာရှင်တချို့၏ အကျိုးအတွက် ဆောင်ရွက်နေခြင်းကို အမြန်ဆုံးစွန့်လွှတ်၍ ပြည်သူ့နှင့် ပူးပေါင်းကြရန် တိုက်တွန်းလိုကြောင်း၊ လက်ရှိချိန်တွင် နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ ဘက်ပြောင်းခိုလှုံလာသော တပ်သား စုစုပေါင်း ၉ ဦး အထိ ရှိပြီ ဖြစ်ကြောင်းသိရှိရသည်။





