စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် ကင်းလှည့်ရန် ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ရက်နေ့ ည ၈နာရီ ၅၀ မိနစ်ခန့်အချိန် ရေဦးမြို့ မြောက်ပိုင်းသို့ ဆိုင်ကယ် ၁၅ စီးဖြင့် ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို ရေဦးမြို့အဝင် ဆိုင်းဘုတ်အနီး ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးသေစာရင်းမသိရသေးဘူး။ မိုင်းကွင်းထဲရောက်လာလို့ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ်။ မိုင်း ၃ လုံးနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် မှ တာဝန်ရှိသူက ရှင်းပြသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဆုံရွာပျူစောထီးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Zin Yaw Ni Sniper Packing Guerrilla Forces မှ အဖွဲ့ခေါင်းဆောင် ကိုကျားသစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်အချိန် မြင်းခြံမြို့နယ်၊ ဆုံရွာပျူစောထီးကျေးရွာကို Zin Yaw Ni လက်နက်ကြီးတပ်ဖွဲ့က ၆၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
တော်လှန်ရေးတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များက ပျူစောထီးကျေးရွာ၏ ကာကင်းစခန်းသို့ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“ကင်းစခန်း ၂ နေရာ ကျရောက်ပေါက်ကွဲတာ ထိခိုက်မှုရှိတယ်။ အသေရှိမရှိတော့ မသိရသေးဘူး။ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်။ ပျူစောထီး လက်နက်ကိုင် အင်အားက ၈၀ လောက်ရှိတယ်။ လက်နက်ပေးမထားတဲ့ ပျူစောထီးတွေလည်းရှိတယ်။ လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ပျူစောထီးဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်” ဟု Zin Yaw Ni Sniper Packing Guerrilla Forces မှ အဖွဲ့ခေါင်းဆောင် ကိုကျားသစ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Zin Yaw Ni Sniper Packing Guerrilla Forces လက်နက်ကြီးတပ်ဖွဲ့က ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်းသိရှိရသည်။




