မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Mon State Revolutionary Force – MSRF မှ ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီကျော်ခန့် နှင့် မွန်းလွဲ ၁၂ နာရီ ကျော်ခန့်တွင် ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ခံတပ်များဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး သေဆုံးကာ ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ရေးမြို့နယ်မြောက်ပိုင်း ကနင်ကမော့ရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက ၂ ကြိမ် ဖြစ်ပွားပါတယ်။ အကြမ်းဖက် စစ်ကောင်စီဘက်က တပ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး တပ်သား ၁ ဦး သေဆုံးတယ်” ဟု Mon State Revolutionary Force – MSRF မှ ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) ၊ ရာမညမွန်တပ်တော် (RMA)၊ KNLAတပ်မဟာ(၆) ၊တပ်ရင်း(၂၇) ခွဲ(၁)၊ တပင်ရွှေထီးကိုကျိုက် နှင့် ပြည်သူ့ကာကွယ်ရေးတပ် ဗျူဟာ (၃၃) ဒေါနချေမှုန်းရေးတပ်ခွဲတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလပိုင်းကလည်း ရေးမြို့နယ်၊ ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ကြပ် ၁ ဦး အပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။




