ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရရှိကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်သည်။
ယနေ့ မွန်းလွဲပိုင်း ကန်ချနပူရီခရိုင်တွင် ရဲများက စစ်ဆေးရေးဂိတ်ဖြင့် စစ်ဆေးနေစဉ် နခွန်ပသုံမှ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား လေးဦးလိုက်ပါသော ကား ၁ စီးကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ ယင်းကားပေါ်လိုက်ပါသော မြန်မာနိုင်ငံသား ၄ ဦးမှာ တရားဝင်အထောက်အထား စာရွက်စာတမ်း မရှိကြောင်း၊ ကားမောင်းသမားမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး မြန်မာအလုပ်သမား ၄ ဦးထံမှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀၀၀ ရယူ၍ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
တရားမဝင်မြန်မာအလုပ်သမား ၄ ဦးတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ပါဝင်ပြီး ယာဉ်မောင်းမှာ အသက် ၃၂ နှစ်အရွယ် ထိုင်းနိုင်ငံသား မစ္စတာ ဝီရော့ ဖြစ်ကြောင်း၊ မြန်မာရွှေ့ပြောင်းအလုပ်သမား၄ ဦးးသည် လွန်ခဲ့သောလအနည်းငယ်က ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန် ပွဲစားခပေး၍ လုပ်ငန်းခွင်ရှိရာသို့ ပြောင်းရွှေ့ကြစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။






