မြန်မာနိုင်ငံတစ်ဝန်း တက္ကသိုလ်နှင့် ဒီဂရီကောလိပ်ကျောင်းများအားလုံးတွင် တက်ရောက်နေသည့် ကျောင်းသားအားလုံးကို စစ်တပ်က ကြိုတင်မဲပေးရန် စီစဉ်စာရင်းကောက်ခိုင်းထားကြောင်း ဒဂုံတက္ကသိုလ်နှင့် အရှေပိုင်းတက္ကသိုလ်တို့မှ ကျောင်းသားရေးရာ ဌာနထံမှ သိရှိရသည်။
စစ်တပ်က တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ နည်းပညာ သက်မွေးပညာ ကောလိပ်များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များနှင့်ပေါ်လီတက္ကနစ် ကျောင်းများတွင် လာမည့် နိုဝင်ဘာလ ၂၄ ရက်နေ့မှစတင်၍ သင်တန်းများ စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်အတွက် တက္ကသိုလ်နှင့်ကျောင်းများအားလုံးတွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ စတင်ဖွင့်လှစ်မည့် တက္ကသိုလ်နှင့်ကျောင်းများအားလုံးတွင် ကျောင်းတက်ကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကြိုတင်မဲများကို မဖြစ်မနေ ပေးရမည်ဖြစ်ကြောင်း၊ ကြိုတင်မဲပေးခြင်းသည် တက္ကသိုလ် တက်မည့် ကျောင်းသားကျောင်းသူများ၏ တာဝန်တစ်ရပ်အဖြစ် စစ်တပ်က သတ်မှတ် လုပ်ဆောင်ခိုင်းနေကြောင်း သိရှိရသည်။
“တက္ကသိုလ်တက်နေတဲ့ကျောင်းသားကျောင်းသူတွေအားလုံးက ကြိုတင်မဲပေးရပါမယ်။ မိမိမြို့နယ်အလိုက် ကြိုတင်မဲပေးနိုင်အောင် ကျောင်းတွေက စီစဉ်ပေးရမယ်။ အခုက ကျောင်းအပ်လက်ခံရင်း စာရင်းတွေ ကောက်ခိုင်းနေပါပြီ” ဟု ပညာရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရှင်းပြသည်။
တက္ကသိုလ်ကျောင်းများမှ ကျောင်းသားကျောင်းသူများသာမကဘဲ တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် တက္ကသိုလ် ပညာရေးဝန်ထမ်းများလည်း ကြိုတင်မဲ့ပေးရမည့် စာရင်းတွင်ပါဝင်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲကို အပိုင်းလိုက် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။





