ရန်ကုန်၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ကန့်ဘလူမြို့နယ် အစပ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တစ်ခုလုံး ချေမှုန်းခံခဲ့ရသော နေရာကို ဝါသဝပျူစောထီး အဖွဲ့က ထပ်မံစစ်ကြောင်းထိုးလာ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကန့်ဘလူမြို့ နယ်၊ ဝက်တိုးကျေးရွာ စစ်တပ် အထိုင်စခန်းမှ ခင်ဦးမြို့နယ်ဘက်သို့ အင်အား ၁၀၂ ဦးဖြင့် စစ်ကြောင်းထိုးလာသော တပ်မ ၃၃ လက်အောက်ခံ ခလရ ၁၁၁ စစ်ကြောင်းကို ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ရွာအနီးတွင် တော် လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်ကြောင်းမှူး အပါအဝင် ၅၀ ဦးသေဆုံးကြောင်း၊ စစ်သုံ့ပန်း ၁၅ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်း ဆီးရရှိထားကြောင်း သိရှိရသည်။
ထိုသို့ စစ်ကြောင်း တစ်ခုလုံး ချေမှုန်းခံခဲ့ရသော နေရာကို ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တပ်မ ၃၃ မှ စစ်သားများနှင့် ဝါသဝပျူစောထီးများ ပူးပေါင်းထားသော အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ကန့်ဘလူမြို့နှင့် ခင်းဦးမြို့နယ် အစပ်ရှိ အိုင်ပေါင်းချောင်ရွာ သို့ ရောက်ရှိနေပြီးတပ်စွဲထားကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် အိုင်ပေါင်းချောင်ရွာမှ ပြည်သူများ အပါအဝင် အနီးရှိ ခင်ဦး-ကန့်ဘလူအစပ်ရှိ ကျေးရွာ ၇ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ခင်ဦး-ကန့်ဘလူ-ရေဦး မြို့နယ် အစပ်ကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ လေကြောင်း တိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုများအတွင်း ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ မူးမြစ်အရှေ့ဘက် သက်သာပန်းတောင်းရွာတွင် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ရေဦးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားသော်လည်း မူးမြစ်အကူး လှေကတိုးဆိပ်အနီးတွင် ကင်းပုန်းများ ချထားသောကြောင်း ၊ ထို့ပြင် ရေဦးမြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ခဲယမ်းများ Mi-17 ရဟတ်ယာဉ်ဖြင့် ဆက်တိုက်ပို့ဆောင်နေကြောင်း သိရှိရသည်။
ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ပျဉ်ထောင်ပျူစောထီးရွာကိုလည်း မိတ္ထီလာ ရှမ်းတဲ လေတပ်မှ Y-12 လေယာဉ်က ရိက္ခာနှင့် လက်နက်ခဲယမ်းများ ကျဲချ ပို့ဆောင်နေခြင်းကြောင့် အိုင်ပေါင်းချောင်ရွာအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ သောင်းနှင့် ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ခွေးစစ်ကြောင်းက ခင်ဦးအစပ်ကို ထပ်ရောက်လာလို့ ပြည်သူတွေ တိမ်းရှောင်နေရပြန်ပြီး ဒီတစ်ခါတော့ ဝါသဝရဲ့ ပျူစောထီးတွေလည်း ပါပါတယ်။ အင်အား ၃၀၀ လောက်ရှိတယ် မနေ့က စပြီးရောက်လာတာ” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။






