33 C
Yangon

ကလေးမြို့နယ် တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အထိနာ၍ လေယာဉ်ဖြင့် ၃ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ အထိနာ၍ လေယာဉ်ဖြင့် ၃ ရက်ဆက် ဗုံး ၅၀ ကျော် ကျဲချ တိုက်ခိုက်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလပိုင်းမှ စတင်ပြီး ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများ အနီးတဝိုက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားသောကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ဂျက်ဖိုက်တာ ၊ Y-12 လေယာဉ်တို့ဖြင့် ဗုံး ၅၀ ကျော်ကျဲချ တိုက်ခိုက်နေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၄ နေ့ မွန်းလွဲ ၁၂ နာရီခန့်မှ စတင်ပြီး ကလေးမြို့နယ်တောင်ပိုင်း၊ မှန်တောကျေးရွာအနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မကွေးလေတပ်မှ တက်လာသော Y-12 လေယာဉ်ဖြင့်လည်း ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်သား အလောင်းတချို့နှင့် ခဲယမ်းတချို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များက ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကလေးတောင်ပိုင်းမှာ တိုက်ပွဲတွေက နေ့တိုင်းနီးပါးကိုဖြစ်နေတာ အခုက စစ်ခွေးတွေ လေယာဉ်နဲ့လည်း နေ့စဉ်ကို ဗုံးကျဲနေတယ်။ ထိတွေ့တိုက်ပွဲတွေမှာ စစ်ခွေးတွေကဘက်က အထိနာလို့ ထင်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေကို တောက်လျောက်ကို ကျဲချ တိုက်ခိုက်နေတာ တော်လှန်ရေး တပ်ဖွဲ့က စစ်ခွေးအလောင်းတချို့နဲ့ လက်နက်ခဲယမ်း တချို့ လည်း သိမ်းဆည်းရရှိတာတွေရှိတယ်။ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုတော့ သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် တိုက်ပွဲများကြောင့် ကလေး-ဂန့်ဂေါလမ်းပိုင်းရှိ ကျွန်းချောင်း၊ သာယာကုန်း၊ ထောက်ကြံ့၊ ချောင်းခွ၊ ဟဲလုပ်၊ မှန်တောစသည့်ကျေးရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၅ သောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article