ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ကျော်ခန့်တွင် ကြို့ပင်ဝိုင်းရွာ မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ပြီး လက်နက်ကြီး ၃ လုံဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှုအတွင်း ကျေးရွာနေ ပြည်သူ အသက် ၃၅ နှစ်အရွယ် မမို့မို့ဝင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ကိုသန်းဇော်ဦးလည်း ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။
“သေဆုံးတာက အမျိုးသမီး ၁ ဦးပဲ သေဆုံးတာပါ။ ထိခိုက်ဒဏ်ရာရတာကတော့ အမျိုးသား ၁ ဦးပါ။ နေအိမ်တွေတော့ ထိခိုက်ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့သို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်က ကြို့ပင်ဝိုင်းရွာဘက်ကို စစ်ကြောင်းထိုးရန် လုပ်ဆောင်နေသောကြောင့် ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။







