ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် နတ္တလင်းမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် လူလိုသည်ဟုဆိုကာ လူငယ်များကို ညတွင်းချင်းလိုက်လံ ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်း နတ္တလင်းမြို့ပေါ်တွင် စစ်တပ်၊ ပျူစောထီးနှင့် ထွေ/အုပ်များက ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် စတင်ဖွင့်လှစ်မည့် စစ်မှုထမ်း အပတစ်ဉ် ၁၉ အတွက် လူလိုသည်ဟုဆိုကာ ကားများဖြင့် မြို့ကို လှည့်လည်၍ နေအိမ်များနှင့် လမ်းများပေါ်မှ လူငယ်များကို ဆွဲခေါ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်ကားကြီး ၁စီးစာအပြည့် လူငယ်များကို လှည့်ပတ် ဖမ်းဆီးပြီးနောက် ချက်ချင်းဆိုသလို စစ်သားစုဆောင်းရေး တပ်သို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
“နတ္တလင်း မှာ နိုဝင်ဘာလ ၁၄ ရက်နေ့ညနေပိုင်း စစ်တပ်နဲ့ ပျူစောထီးတွေက ပေါ်တာ ဝင်ဆွဲတယ်။။ ကျမရဲ့ မောင် အရင်းရယ်၊ တဝမ်းကွဲမောင်ရယ်ပါသွားတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့ ဖမ်းတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာကားပေါ်တင်ပြီးတော့ တစ်ခါတည်း စစ်မှုထမ်းသင်တန်းကျောင်းပို့တယ်။ ငွေနဲ့ ရွေးဖို့ လုပ်တော့ မရတော့ဘူး။ အပတ်စဉ် ၁၉ ဖွင့်ဖို့ ရက်ကပ်သွားတာရယ်။ လူလိုတာရယ်ကြောင့်လို့ ငွေနဲ့ ရွေးခွင့်မပေးဘူး။
မြို့ထဲကို လှည့်ပတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးခေါ်သွားကြတာ ကားတစီးလုံး အပြည့်ရောပဲ” ဟု ဖမ်းဆီးခံလူငယ် ၁ ဦး ၏ အစ်မဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်လည်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဇော်မျိုးနောင်၏ အမိန့်ဖြင့် စစ်မှုထမ်း အပတ်စဉ် ၁၉ အတွက် လူလိုသဖြင့် ညတွင်းချင်း လိုက်လံရှာဖွေ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ လူငယ်အများအပြား ဖမ်းဆီးခံရကြောင်း သိရှိရသည်။
“ထန်းကုန်းအုပ်ကြီး ဝင်းကျော်သူ၊ ဘူတာတောင်အုပ်ကြီး စံဒတော၊ စျေးရပ်ကွက်အုပ်ကြီး ကိုပု၊ စျေးရုံပိုင်း ရာအိမ်မှုး မင်းမင်းထွေး တို့အပြင် သူတို့ဘက်တော်သား ကိုပြည့်၊ မင်းမင်းဇော်(ခ)ခေါ်တော တို့က လူငယ်တွေကို လှည့်ပတ်ဖမ်းပြီး စစ်မှုထမ်းပို့ပါတယ်။ သူတို့ အရမ်းကို သောင်းကျန်း ဖမ်းဆီးမှုတွေ လုပ်နေတာပါ” ဟု ဖြူးမြို့ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယခု နိုဝင်ဘာလလယ်ပိုင်း စတင်ဖွင့်လှစ်နေသည့် စစ်မှုထမ်းအပတ်စဉ် ၁၉ အတွက် လူရရှိမှု နည်းပါးသဖြင့် စစ်တပ်က အတင်းအကျပ် ပေါ်တာဆွဲဖမ်းဆီးမှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာပြီး နေအိမ်များ၊ လမ်းများပေါ်တွင်ပါ နေ့ရော ညပါ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် ရှိနေသော ကင်းထောက်သတင်းကွန်ရက်များထံမှ သိရှိရသည်။




