31 C
Yangon

ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာရှိ စစ်တပ် အထိုင်ဂိတ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၄ ဦး ကျွန်းလှအချုပ်ထောင်ဖောက်၍ ထွက်ပြေးလွတ်မြောက်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ အထိုင်ဂိတ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၄ ဦး ကျွန်းလှအချုပ်ထောင်ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ကန့်ဘလူမြို့နယ် ဘူးကုန်းစစ်ကောင်စီအထိုင်ဂိတ်တွင် ပေါ်တာဆွဲ ခံခဲ့ရသည့် လူငယ်အမျိုးသား ၄ ဦးက ကျွန်းလှအချုပ်ထောင်မှ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲ အချိန် အချုပ်ထောင်ဖောက်၍ ထွက်ပြေးလွတ် မြောက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ လတ်တလောတွင် ထောင်ဖောက်ပြေးလာသူ ၄ ဦးကို သက်ဆိုင်ရာ မြို့နယ် မိသားစုများဆီသို့ ချိတ်ဆက်ပို့ဆောင်ပေးထားပြီဖြစ်ကြောင်း သိရှိရသည်။

“ပျူစောထီးလိုအပ်ချက်ကလည်း အရမ်းမြင့်နေတယ်ပေါ့နော်။ ပြည်သူလူထုက နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ရရာလုပ်ငန်းလုပ်ကိုင်ကြရတယ်။ သတင်းအမှောင်ချဖို့ အင်တာနက်လိုင်း ဖုန်းလိုင်းဖြတ်ခံထားရတော့ မြေပြင်မှာဖြစ်နေတဲ့သတင်းတွေကို အချိန်နဲ့ တပြေးညီမသိနိုင်ကြဘူးဗျ။ အဲ့ဒါကြောင့် မိသားစုကြောင့် အလုပ်လုပ်ဖို့သွားလာကြရင်တောင် ကိုယ်သွားမယ့် နယ်မြေလမ်းကြော စုံစမ်းပြီးမှ သွားလာကြဖို့ တိုက်တွန်း ချင်ပါတယ်” ဟု ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက သွားလာရေးဂရုစိုက်ကြရန် တိုက်တွန်းပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏‌ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရရာမှ ထွက်ပြေးလွတ်မြောက်လာသည့် ပြည်သူများသည် ကနီမြို့နယ်၊ ရေစကြိုမြို့နယ်၊ မုံရွာမြို့နယ်၊ ပုလဲမြို့နယ်များမှ ဖြစ်ကြောင်း၊ ပျုစောထီး လိုအပ်ချက်များနေ၍ ဝါသဝ က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း၊ လက်ရှိ ဖမ်းဆီးခံထားရသူများကို ငွေကြေးနှင့် လူရွေးရန် လုပ်ဆောင်သူများကိုလည်း ပြန်လွှတ်ပေးခြင်းမရှိဘဲ လူရွေးရန် ကြိုးပမ်းသူကိုပါ ထပ်မံ ဖမ်းဆီးခြင်းများ လုပ်ဆောင်သည်ကို တွေ့ရှိခဲ့ကြောင်း ကိုယ်တိုင် ဖမ်းဆီးခံခဲ့ရရာမှ ပြန်လည် လွှတ်မြောက်လာသူများက ပြောဆိုသည်။

“ခု ဖမ်းခံပြီး ပြန်လွှတ်လာတဲ့ လူငယ်တွေက အသက် ၁၉ နှစ် ၂ ယောက်၊ အသက် ၂၁ နှစ် နဲ့ ၃၃ နှစ်အရွယ်တွေပါ။ နာမည်က လုံခြုံရေးအရ ပြောလို့ မပြေလို့။ ခုက လူငယ် လူရွယ်တွေ အကုန်ဆွဲနေတာ။ စံပါယ်နံ့သာရော၊ ဂိတ်တွေက ဆွဲနေတာ။ ကန့်ဘလူနယ်ကတော့ သတိထားရမယ့် နေရာပါပဲ” ဟု အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲနေသည့် အခြေအနေနှင် ပတ်သက်၍ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ပြောပြသည်။

ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်နှင့်ပျူစောထီးများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ပြည်သူများထံမှ ငွေကြေးနှင့်ရွှေ အဖိုးတန်ပစ္စည်းများ လုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်များက သတိပေးထားသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့တွင် စစ်တပ်နှင့်ရဲများက ပြည်သူများကို စစ်ဆေးနေစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article