မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများကို ဒရုန်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Peacock Drone Team-Myaung မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ နှင့် နိုဝင်ဘာလ ၁၄ ရက်နေ့တို့တွင် မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်က ဂိတ်ဖွင့်ထားသော ရွာကြီးရွာနှင့် ရွာသစ်ကျေးရွာအပါအဝင် စစ်သားများ ရေချိုးနေသည့် နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း ဂိတ်စခန်းအတွင်းရှိ အကြမ်းဖက် စစ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရေချိုးနေသော နေရာရှိ စစ်သားများလည်း ထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူရှိကာ လူနာတင်ကားများဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“ကျနော်တို့ ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အင်အားကတော့ အတိအကျ မသိဘူး။ ပထမရက်ကတော့ စစ်ခွေး ၅ ကောင်ပွဲချင်းပြီး သေတယ်။ ဒုတိယရက်ကတော့ ကားနဲ့ လာတင်သွားတယ်ပဲသိရတယ်။ ပထမရက်က ၅ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ဒုတိယရက်က အသေအပျောက်မသိရဘူး။ ဒဏ်ရာရသူတွေကို ကားနဲ့လာတင်သွားတယ်ပဲသိရတယ်။ ဒုတိယရက်ကလည်း ဒရုန်း စီးနဲ့ကျဲချခဲ့ရာ Drone ၁ စီး ဆုံးရှုံးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ အသက်စောင့်အနေနဲ့ Gun တစ်လတ်တော့လိုအပ်နေပါတယ်” ဟု Peacock Drone Team-Myaung မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Myaung Drone Force drone ကျားခင်စိန်၊ ထနောင်းမြေစစ်ကြောင်း ၊ JUSTICE WARRIORS တပ်ဖွဲ့၊ မဟာမိတ် Drone တပ်ဖွဲ့များ ဖြစ်သော Revolutionary Air Force၊ ဒေါင်းမင်းကြီး တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း ၊ လက်ရုံးတပ် 925 ပြောက်ကျားတပ်ဖွဲ့ (ငါးဇွန်)၊ Peacock Drone Team နဲ့ အားမာန်သစ် ပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။





