တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပုလောမြို့နယ်၊ ပုလောကျေးရွာအုပ်စုအတွင်းကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများထံမှ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၂ လက် နှင့် ခဲယမ်းတချို့သိမ်းဆည်း ရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို KNDO တပ်ရင်း ၇ ကရင်အမျိုးသား ကာကွယ်ရေးတပ် ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာလ ၈ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ၌ ခလရ ၂၈၀ တပ်ရင်း၊ အမတ ၃၀၉ တပ်ရင်း၊ အမှတ် ၁၂ တပ်မ တော်လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်သား အင်အား ၄၀ ခန့်ဖြင့် ပူးပေါင်း တပ်စွဲထားသော တပ်စခန်းကိုလည်း K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက် အောက်ခံ KNDOတပ်ရင်း ၇ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၅ ၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ ကာကွယ် ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ပုလောမြို့နယ်၊ အောင်ပူ(အင်ဖုံး) ကျေး ရွာအုပ်စုအတွင်း စစ်တပ်၏ ခလရ ၂၈၅ တပ်ရင်းမှ တပ်စွဲထားသော တမိုင်းတောင်စခန်းကုန်းကို KNDO နှင့် KNLA တပ်များက ရိက္ခာဖြတ်တောက် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သောကြောင့် စစ်သားအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။





