ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နှင့် မူးမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်က ရိုးဒိုင်းရွာ နှင့် ခရစ်ယာန် ဘုရားကျောင်းဝင်းကို အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ညောင်လေးပင်ခရိုင် အတွင်းရှိ ရွှေကျင်မြို့နယ်နှင့် မူးမြို့နယ်တို့ အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အသေခံ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ရွှေကျင်မြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ်က ၈၁ မမ လက်နက်ကြီး ၁ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရိုးဒိုင်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၂၁ နှစ်အရွယ် မအေးမြသူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း မူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကွင်းချောင်းဝမှနေ၍ အသေခံ ဒရုန်း ၁ စီးဖြင့် ဝဲကြီးကျေးရွာ ခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်းကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဆိုလာပြား ၁ ချပ် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ အရပ်သား ပြည်သူများ နေထိုင်ရာ နေရာဒေသများ အတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများမှာ ကြောက်ရွံ့မှုများစွာဖြင့် လုပ်ကိုင်စားသောက် သွားလာနေထိုင်နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။
အလားတူ နိုဝင်ဘာလ ၃ ရက်နေ့ကလည်း မူးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက သင်္ဘောကျွန်းကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ကျေးရွာနေပြည်သူ အသက် ၄၀ နှစ် အရွယ် ဒေါ်အေးမွန် နှင့် အသက် ၆ နှစ်အရွယ် မောင်နာဒါသွေးတို့ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။





