ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးပြီး အရာရှိ ၁ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း KNU တပ်မဟာ ၂ ၊ တပ်ရင်း ၅ ၊ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၃ နာရီ ၄၀ မိနစ်ခန့်တွင် လိပ်သိုမြို့မှ တောင်ငူမြို့နယ် အတွင်းဆင်းလာသော အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကွမ်းပင်အုပ်ပိန်ရွာ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင် ဗိုလ်ကြီး ၁ ဦးလည်း ပါဝင်ကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက အင်အား ၁၀၀ ကျော်နဲ့ လိပ်သိုကနေ တောင်ငူမြို့နယ် ဘက်ကို ဝင်ရောက်လာတာကို ကွမ်းပင်အုပ်ပိန်ရွာအနီးမှာ တော်လှန်ရေး ရဲဘော်တွေက စောင့်ကြို တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ခွေး ၂၀ ကျော် ဒဏ်ရာရတယ်။ ၁၀ ကောင်ကျော် သေဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရတဲ့ သူတွေထဲမှာ ဗိုလ်ကြီး ၁ ကောင်လည်း ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်” ဟု KNU တပ်မဟာ ၂ ၊ တပ်ရင်း ၅ ၊ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ရင်း ၅ နှင့် တပ်ရင်း ၆ မှ တော်လှန်ရေးရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




