ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၂၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားပြီး ပျောက်ဆုံးနေသူများလည်းရှိကာ စစ်ရှောင်များကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး တပ်မ ၃၃ မှ စစ်သားများနှင့် ဝါသဝပျူစောထီးများ ပူးပေါင်းထားသော အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ရေဦးမြို့နယ်၊ ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ် အစပ်ရှိ အိုင်ပေါင်းချောင်ရွာကို စတင် စစ်ကြောင်းထိုး ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။
ထိုစစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် အိုင်ပေါင်းချောင် ကျေးရွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ရေဦးနှင့် ခင်ဦး မြို့နယ် အစပ်ရှိ ကျောက်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် ကျောက်တိုင်ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်နေသော စစ်ဘေးရှောင် ပြည်သူများကို ရေဦးမြို့မှ အထိုင်ချထားသော စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ရေဦးမြို့နယ်၊ မူးမြစ်အရှေ့ဘက် အင်းပတ်ကျေးရွာအတွင်း ဗုံး ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အမျိုးသား ၃ ဦး ခေါင်း၊ ခြေထောက် နှင့် လက်တို့တွင် ဗုံးထိမှန်ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံလှကျေးရွာကို ရောက်ရှိလာပြီး ဘေးပတ်ဝန်းကျင်ရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ မုံလှစံပြကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မွှေနှောက်ဖျက်ဆီးနေကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းထိုးရာ လမ်းတလျောက်တွင်လည်း အရပ်သား ပြည်သူ ၂၀ ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး ပျောက်ဆုံးသူ ၁၀ ဦးကျော်လည်းရှိကြောင်း၊ ထိုသို့ ဖမ်းဆီးထားသူများကိုလည်း လက်ရှိချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
“ဖမ်းဆီးခံရသူတွေတော့ရှိတယ်။ ကျေးရွာတွေနားကို ပြန်မကပ်နိုင်သေးတော့ ဘာမှ အတိအကျ မသိရသေးဘူး။ ပျောက်နေတဲ့သူတွေကော ရှိကြတယ်။ ကျနော်တို့ သိရသလောက်ကတော့ ဖမ်းခံရတာ ပြည်သူ ၂၀ ဦးကျော်လောက်ရှိတယ်။ ပျောက်ဆုံးနေတာကတော့ ၁၀ ဦးကျော်လောက်ရှိတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရေဦးမြို့နယ်-ခင်ဦးမြို့နယ်-ကန့်ဘလူမြို့နယ် အစပ်ရှိ ကျောက်တိုင်ရွာ ၊ ကျီစုရွာ ၊ ဝက်တိုးရွာ ၊ အိုင်ပေါင်းချောင်ရွာ ၊ ယင်းတိုက်ရွာ ၊ ငါးရုံကြီးရွာ ၊ ရှားတောရွာ ၊ မုံလှရွာ ၊ သာဝတ္ထိရွာ ၊ မြင်းကျရွာ ၊ သရက်ကုန်းရွာ ၊ ကျွန်းတောကြီးရွာ ၊ ကျွန်းတောလေး (ဥယျာဉ်) ရွာ၊ မကျီးအုပ်ရွာ ၊ ယာတော်ရွာ ၊ မြင်းဒေါင်းရွာ ၊ သရက်ပင်စုရွာ ၊ အင်တိုင်းလေး တောင်/မြောက်ရွာ ၊ သက်သာပန်းတောင်း(ကားဆိပ်)ရွာတို့မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။







