ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ စုကလိရွာကို အကြမ်းဖက် စ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်ခန့်က စတင်ပြီး စုကလိရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တို့ဖြင့် ဗုံး ၂၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိပြီး စာသင်ကျောင်းဆောင်များနှင့် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်မှုရှိတယ်လို့တော့ ကျနော်တို့ သိရတယ်။ စစ်ခွေးတွေက ဂျက်ဖိုက်တာ ၁ စီး ၊ Y-12 လေယာဉ်တွေနဲ့ ဗုံး ၂၀ ကျော် ကျဲချ တိုက်ခိုက်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် အစောပိုင်းမှ စတင်ပြီး တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် Y-12 လေယာဉ် ၁ စီးသည် ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းနှင့် အနောက်မြောက်ခြမ်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မွန်းလွဲ ၁၂ နာရီ ကျော်ခန့်တွင် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ကျေးရွာများကို မုံရွာမြို့ နမခ မှ တက်လာသောGyrocopter ၃ စီးက လေကြောင်းတိုက်ခိုက် ၃ ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ထို့ပြင် ပေါက်မြို့နယ်အတွင်း မြေပြင်မှလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းဖြင့် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၄၂ ရွာမှ ပြည်သူ ၃၅၀၀၀ ခန့် နီးစပ်ရာ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ – နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောာင်းဖြစ်သည်)




