ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် စစ်တပ်က ကျားဖြန့် အလုပ်ရုံများမှ ဖမ်းဆီးရရှိသော သက်သေခံပစ္စည်းများဖြစ်သည့် ဖုန်းနှင့်ကွန်ပျူတာများကို စစ်တပ်က လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးလိုက်ကြောင်း BGF နှင့်စစ်တပ်က ထိုင်းသတင်းဌာနများထံသို့ သတင်းဓာတ်ပုံများ ပေးပို့ခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စတင်ခဲ့သော ကျားဖြန့် နှိမ်နင်းရေးမှာ ၆ ရက်ကျော်ကြာလာပြီဖြစ်ပြီး ကျားဖြန့် အလုပ်ရုံများမှ နိုင်ငံခြားသား ၁၅၄၀ ကျော်ကို ဖမ်းဆီးခဲ့ကာ ကွန်ပျူတာ ၃၀၀၀ ကျော်နှင့် မိုဘိုင်းဖုန်း ၂၀၀၀၀ ကျော်ကို သိမ်းဆည်းခဲ့ရှိခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်ရာတွင် အသုံးပြုသည့် ကွန်ပျူတာနှင့် ဖုန်းများကို စစ်တပ်နှင့် BGF က လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်နှင့် BGF က ရွှေကုက္ကိုလ်ရှိ ကျားဖြန့် အလုပ်ရုံ ဆိုက် ၂၂ နေရာကို စီးနင်းခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော်ကို ဖမ်းဆီးကာ ကွန်ပျူတာ ၃၀၀၀ နီးပါးနှင့် ဖုန်းပေါင်း ၂ သောင်းကျော်ကို သိမ်းဆည်းရရှိထားကြောင်း နိုင်မောင်ဇော်က ပြောဆိုသည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင်မူ ရွှေကုက္ကိုလ်နယ်မြေအတွင်း နိုဝင်ဘာ ၁၈ ရက်မှ ယနေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၅၉၀ ဦးနှင့် Online လိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် ကွန်ပျူတာ ၂၈၉၃ လုံး၊ မိုဘိုင်းဖုန်း ၂၁၇၅၀ လုံး၊ star Link ဘန်း ၁၀၁ လုံး၊ Router ၂၁ လုံးနှင့် လုပ်ငန်းသုံးပစ္စည်းအများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
စစ်တပ်က ကျားဖြန့်များရှိနေသော မြဝတီ-မဲထော်သလေး (KK Park) နယ်မြေ၊ ရွှေကုက္ကိုလ်မြိုင်ကျေးရွာ နှင့် ရွှေကုက္ကိုလ်မြို့သစ်တို့ကို ဝင်ရောက်စီးနင်းနေခြင်းဖြစ်သည်။
စစ်တပ်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၂ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံ သား စုစုပေါင်း ၁၂၄၆၈ ဦး ထိန်းသိမ်းနိုင်ခဲ့ကာ ၁၁၈၉၃ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက်မှ ၉၉၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၄၉၀ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။







