ရန်ကုန်၊ နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို စစ်တပ်က အယောင်ပြ ရှင်းလင်းမည်ဖြစ်၍ DKBA တပ်ဖွဲ့က တရုတ်နိုင်ငံသားများကို သယ်ဆောင် ခြင်းမပြုရန် အမိန့်ထုတ်ထားကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် DKBA တပ်ဖွဲ့က အရေးပေါ်အစည်းအဝေးကျင်းပပြီး DKBA ထိန်းချုပ်နယ်မြေအတွင်းရှိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်စေ၊ မည်သူတစ်ဦး တစ်ယောက်ဖြစ်စေ သတ်မှတ်ထားသည့် နယ်မြေအတွင်း နိုင်ငံခြားသားများ၊ အထူးသဖြင့် တရုတ် နိုင်ငံသားများ ကို သယ်ဆောင်ခြင်းတွေ့ရှိပါက ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း DKBA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက် မြဝတီမြို့နယ်၊ ကျောက်ခက်ဒေသရှိ ကျားဖြန့်လုပ်ငန်းများကို စစ်တပ်က အယောင်ပြ ဖမ်းဆီးရန် တစ်ဆိုဒ်လျှင် လူ ၂၀ ဦး စုခိုင်းထားပြီး စစ်တပ်က ဖမ်းဆီးမှုတွင် မပါလိုပါက တစ်ဦးလျှင် ဘတ် ၂ သောင်းပေးရမည်ဟု တောင်းခံကြောင်း သိရသည်။
ထို့ပြင် မြဝတီမြို့ရှိ BGF ၊ DKBA နှင့် KNLA -PC ဂိတ်များကိုလည်း ပိတ်သိမ်းကာ ရှောင်ခိုင်းထားကြောင်း၊ လက်ရှိချိန်တွင် ကျားဖြန့်လုပ်ငန်းများကို ဘုရားသုံးဆူမြို့ဘက်သို့ အင်အားအလုံးအရင်းဖြင့် ရွေ့ပြောင်းနေကြောင်း သိရသည်။
“မြဝတီဘက်နဲ့ ကျောက်ခက်ဘက်ကို စစ်တပ် ဝင်ရှင်းမယ်။ အဖမ်းပြဖို့ တစ်ဆိုဒ် လူ၂၀ စု ခိုင်း နေ တယ်။ စစ်တပ်က ဖမ်းတဲ့ အထဲ မပါ စေချင်ရင် တစ်ယောက်ကို ဘတ် ၂ သောင်း တောင်းတယ်။ အခု မြဝတီ က တင်ဝင်း ၊ မုတ်သုန် နဲ့ Pc ငြိမ်းချမ်းရေး ကောင်စီဂိတ်ရုံတွေ ပိတ်ပြီး ရှောင်ခိုင်းနေပြီ ဘုရားသုံးဆူထဲ ကျားဖြန့်တွေ ဝင်နေတာ မြင်မကောင်းဘူး” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။






