စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲမှူး ကိုဝေလင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာမြို့နယ် နည်းပညာတက္ကသိုလ် (GTC) တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ငယ် ၂ လက်ကိုလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“သူတို့ အတော်ကို ထိတာပါ။ လက်နက်တော့ မကောက်နိုင်ခဲ့ဘူး။ အချိန်ကြာလာတော့ ပစ်အား မကျန်တော့တာကော ကျည်မလုံလောက်တာကောကြောင့် ကျနော်တို့ ရှေ့ကာကင်းထိပဲ တိုးနိုင်ခဲ့တယ်။ တိုက်ခိုင်မှုမှာ စစ်ခွေး ၄ ကောင်သေပြီး ၇ ကောင်ဒဏ်ရာရတယ်လို့ သိရပါတယ်။ စစ်ခွေး သေစာရင်းက ထပ်တိုးသေဆုံးတာမျိုးရှိတော့ရှိမယ်။ အတော်ထိတာ အရှေ့တင်မျက်မြင်ပဲမို့ ထပ်တိုးရှိလောက်တယ် သူတို့ အလစ်ငိုက်ခံရတာပါ။ အဲနေရာမှာ တပ်စွဲထားတာ စစ်ခွေး အင်အားက ၄၀ ခန့်ရှိတယ်” ဟု မုံရွာခရိုင်တပ်ရင်း(၂) တပ်ခွဲမှူး ကိုဝေလင်း က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂ တပ်ရင်း နှင့် မဟာမိတ်တပ်များ ဖြစ်သော မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ တပ်စု ၂ ဒေါင်းမျိုးဆက် တပ်ဖွဲ့ ၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၄ မီးတောက်တပ်ဖွဲ့ ၊ ချောင်းဦး မီးတောက်တပ်ဖွဲ့ (MTG) ၊ Royal God People Defences Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် အနေဖြင့် အပြစ်မဲ့ ပြည်သူများကို ဦးတည် သတ်ဖြတ်နေမှုများ ဆက်လက်လုပ်ဆောင်ပါက ပိုမိုဆိုးရွားသော တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ဖြစ်ကြောင်းနှင့် တပ်မတော် ဟူ သော နာမည်ကို ထိန်းသိမ်းသောအားဖြင့် ယောကျာ်းပီသစွာ စစ်သား အချင်းချင်းသာ သတ္တိရှိရှိ တိုက်ခိုက်ကြရန် မုံရွာခရိုင်တပ်ရင်း(၂) တပ်ခွဲ မှူး ကိုဝေလင်း က ဆက်လက်ပြောဆိုသည်။




