ရန်ကုန်၊ နိုဝင်ဘာ ၂၅
မကွေးတိုင်း၊ ချောက်မြို့ပေါ် ရပ်ကွက်များနှင့် ခရီးသည်တင်ကားများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စစ်ဆေးပြီး လူငယ် ၁၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိသားစုဝင်များနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ ချောက်မြို့ပေါ် ရပ်ကွက်များ၊ ခရီးသည်တင်ကားဂိတ်နှင့် ခရီးသည်တင်ကားများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စစ်ဆေးကာ လူငယ် ၁၈ ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များသည် အသက် ၁၉ နှစ်မှ အသက် ၂၄ နှစ်အရွယ်များဖြစ်ပြီး လက်ရှိချိန်တွင် ပေါ်တာဆွဲဖမ်းဆီးထားသော လူငယ် ၁၈ ဦးကို ချောက်မြို့ပေါ်ရှိ မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
ထိုသို့ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၁၈ ဦးထဲမှ ၂ ဦးကိုသာလျှင် မိသားစုများက တစ်ဦးလျှင် ငွေကျပ် ၁၆၅ သိန်းဖြင့် ပြန်ရွေးထုတ်နိုင်ခဲ့ပြီး ကျန်ရှိသော လူငယ်များ၏ မိသားစုများက လာရောက် ရွေးထုတ်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“အခုက ချောက်မြို့နယ်ဘက်မှာ စစ်ခွေးတွေက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာ တအား ဆွဲတာများတယ်။ ဒီနေ့ အပါအဝင်ဆိုရင် ၅ ရက်ရှိပြီ။ အဲဒီ ၅ ရက် အတွင်းမှာ စစ်ခွေးတွေ ပေါ်တာဆွဲဖမ်းဆီးတာ လူငယ် ၁၈ ဦး လောက်ရှိပြီ။စစ်ခွေးတွေ ဖမ်းဆီးထားတဲ့ လူငယ် ၁၈ ဦးထဲက ၂ ဦး ကိုပဲ ပြန်ရွေးထုတ်သေးတယ်လို့ သိရတယ်။ ကျန်တဲ့ ၁၆ ဦးကို ဆက်လက် ဖမ်းဆီးထားတယ်။ ချောက် -မန္တလေး ပြေးဆွဲနေတဲ့ ကားဂိတ်တွေမှာ လူငယ် ၅ ဦးကို ပေါ်တာဆွဲဖမ်းထားတယ်။ ကျန်တဲ့ လူငယ်တွေက ချောက်မြို့ပေါ်နှင့် ကျေးရွာထဲကပဲ သိရတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၄ ရက်နေ့ကလည်း ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာ စကား သင်တန်းကျောင်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ပြီး အသက် ၂၀ အရွယ် လူငယ် အမျိုးသား ၁၃ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလတွင် စစ်မှုထမ်းအပတ်စဉ် ၂၀ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- လူငယ်များကို လိုက်လံစစ်ဆေးနေသည့် အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




