27 C
Yangon

မြင်းခြံခရိုင်အတွင်း စစ်ဆင်ရေးအရှိန်မြှင့်တင်နိုင်ရန် မြင်းခြံခရိုင် အထူး စစ်ကြောင်းဖွဲ့စည်း

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း၌ စစ်ဆင်ရေးအရှိန်မြှင့်တင်နိုင်ရန် မြင်းခြံခရိုင်အထူး စစ်ကြောင်း ကို ဖွဲ့စည်းလိုက်ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်းများကို အကြမ်းဖက် စစ်အုပ်စု၏ ရန်မှ ကာကွယ်ပေးနိုင်ရန်နှင့် ပြန့်ကျဲနေသည့် တပ် ရင်း တပ်ဖွဲ့များကို စုစည်းကာ ရန်သူကို အထိနာစေမည့် စစ်ဆင်ရေးများ ဖော်ဆောင်နိုင်ရန် ရည်ရွယ် ၍ “မြင်းခြံခရိုင်အထူး လှုပ်ရှားစစ်ကြောင်း” ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ စည်းစည်းလုံးလုံးနဲ့သွားရမယ်။ တစ်ယောက်တည်း၊ တစ်ဖွဲ့တည်း၊ တစ်တပ်တည်း အားနဲ့ မရတော့ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ကနေ လှန်ပြီးတော့ ဖြုတ်နိုင်ဖို့ ရည်ရွယ်ချက်ရှိ ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီအချိန်က ခက်ခဲတဲ့ကာလ၊ တအားခက်ခဲတဲ့ကာလပေါ့။ ဘာပဲ ဖြစ်ဖြစ် ဒီကာလကို ကျော်လွှားနိုင်မှရမယ်။ ဒီကာလကို အခက်အခဲတွေကြားကနေ စည်းစည်းလုံး လုံးနဲ့ ရုန်းထွက်ရမယ်။ ဒီကာလကို ကျော်လွှားနိုင်ပြီဆိုရင်တော့ တော်လှန်ရေးအောင်ပန်း အသီး အပွင့်တွေကို ကျနော်တို့ ပြည်သူတွေ ခံစားကြရမှာပါ။ ဒါပေမယ့် ဒီမုန်တိုင်းဒဏ်ကိုတော့ အတူတူ ရင်ဆိုင်နိုင်မှ ရပါ့မယ်” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်းတွင် Natogyi People Defence Force-NPDF ၊ Taung Tha People Defence Force-TTA PDF ၊ Natogyi Guerrilla Force-NGF ၊ Myingyan Black Tiger-MBT ၊ Onemore Column ၊ Ngazun PDF ၊ ငါန်းဇွန်မီးနဂါး တပ်ဖွဲ့ နှင့် အားမာန်သစ် ပြောက်ကျား တပ်ဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။

မြင်းခြံခရိုင် အထူးစစ်ကြောင်းအနေဖြင့် ယခု ကြေညာချက်ထုတ်ပြန်ချိန်မှစ၍ မြင်းခြံခရိုင်အတွင်းရှိ စစ်ဆင်ရေးများတွင် ညီနောင်မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ မြင်းခြံခရိုင်အတွင်း စစ်ရေးအရှိန်ပိုမိုမြှင့်တင်နိုင်ရန်နှင့် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်း နိုင်ရေး အတွက် ညီအကို စိတ်ဓာတ် ၊ရဲဘော်ရဲ ဘက် စိတ်ဓာတ်တို့ဖြင့် ပူးပေါင်းပါဝင် တိုက်ပွဲဝင်လို သည့် တော်လှန်ရေးတပ်ဖွဲ့များကိုလည်း “မြင်းခြံခရိုင်အထူးလှုပ်ရှားစစ်ကြောင်း”က လက်ကမ်းကြို ဆို လျက်ရှိကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article