25 C
Yangon

ဗန်းမော်တွင် စစ်တပ်က ထိုးစစ်များ ပြန်လည်ဆင်နွှဲလာပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူပြော၊ တော်လှန်ရေးတပ်များ၏ စနိုက်ပါ ထိမှန်၍ ခမရ ၃၂၀ မှ ဗိုလ်ကြီးအောင်ကိုကို မျက်လုံးကျွတ်ထွက် သေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် စစ်တပ်က ထိုးစစ်များ ပြင်းပြင်းထန်ထန် ပြန်လည် ဆင်နွှဲလာပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက် လုပ်ဆောင်နေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှစတင်၍ စစ်တပ်က ဗန်းမော်မြို့ပေါ်တွင် ထိုးစစ်များ ပြန်လည် စတင်လာကြောင်း၊ ယင်းနောက်နေ့စဉ်လိုလို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာပြီး ဒရုန်းများ၊ လက်နက်ကြီးများဖြင့်လည်း တစ်ချိန်လုံး ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ KIA ၊ PDF ပူးပေါင်းတပ်များကလည်း စစ်တပ်၏ ထိုးစစ်ကို ပြန်လည် ခုခံလျက်ရှိကြောင်း သိရှိရသည်။

“ဗန်းမော် ၃ မိုင်ကနေ ခလရ ၄၉ ဘက်ကို သူတို့က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတယ်။ လေကြောင်းတိုက်ခိုက်မှုတွေလည်း တောက်လျှောက်ပဲ” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

ဗန်းမော်တွင် တိုက်ပွဲများ ပြင်းထန်နေချိန် နိုဝင်ဘာလ ၂၅ ရက်နေ့ ဗန်းမော်မြို့ အခြေစိုက် ခမရ ၃၂၀ မှ ဗိုလ်ကြီး အောင်ကိုကိုမှာ KIA နှင့် PDF တပ်များက ပစ်ခတ်လိုက်သော စနိုက်ပါ ကျည်ထိမှန်၍ သေဆုံးသွားကြောင်း၊ ဗိုလ်ကြီးအောင်ကိုကိုမှာ အသက် ၂၈ နှစ်အရွယ်ရှိပြီး စစ်တက္ကသိုလ်အပတ်စဉ် ၆၀ ကျောင်းဆင်းဖြစ်ကြောင်း၊ စနိုက်ပါ ထိမှန်သော ဗိုလ်ကြီးအောင်ကိုကိုမှာ ညာဘက်မျက်လုံး ကျွတ်ထွက်ရာမှာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအပြင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ၂ ရက် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး လူ ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း Banmaw Scout Team က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက် နံနက် ၁၁ နာရီဝန်းကျင်အချိန် ဗန်းမော်မြို့ တစ်ဖက်ကမ်းရှိ မိုင်းကာကျေး ရွာ နှင့် မိုးစိမ်းကျွန်းကျေးရွာတို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ အရပ်သားပြည်သူ နှင့် ရွှေလုပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြေင်း သိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ မိုင်းကာရွာအနောက်ဘက် ဧရာ၀တီ မြစ်ကမ်းနဘေး ရွှေလုပ်ကွက် အနီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို အရေးပေါ်ဆေးရုံကား များဖြင့် လိုင်ဇာ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဒီဇင်ဘာလ ၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်အချိန်ကလည်း ဗန်းမော်မြို့နယ်၊ ရေလဲ ကျေး ရွာအနီးသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို မသိရှိရသေးပေ။

ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများဖြစ်သော စင့်ကင်ရွာ၊ ငှက်ပျောတောရွာ ၊ သဖန်းပင်ရွာ၊ ကျွန်းကြီးရွာ ၊ မိုင်းကာရွာ ၊ ကုန်းခါးရွာတို့တွင် KIA က Star Link Internet အသုံးပြုမှုများကို ယခင်လကတည်းက စတင် ပိတ်သိမ်းဖမ်းဆီးနေသောကြောင့် သတင်းရယူရန် အခက်အခဲများရှိကြောင်း Banmaw Scout Team က အသိပေးထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article