25 C
Yangon

ချောင်းဦးမြို့နယ်ရှိ ကျီကုန်းရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်သတ်၊ နတ်တလင်းတွင် PDF ဒရုန်း သင်တန်းဆင်းပွဲနှင့် ကျေးရွာများကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျီကုန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ ကျီကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ကျေးရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ဝင်ရောက် စီးနင်းပြီးနောက် ရွာထဲမှ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသော အသက် ၄၄ နှစ် အရွယ် အမျိုးသား ၁ ဦး ဖမ်းဆီး ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ကျီကုန်းရွာက ပြည်သူ ၁ ဦးကို ပစ်သတ်သွားတာ ရွာထဲကို လက်နက်ကြီးကျတာလည်း နေအိမ် ၁ လုံး စုတ်ပြတ်သွားတယ်။ ရွာအပြင်ကိုလည်း လက်နက်ကြီး ၁ လုံးကျတယ်။ နောက်ပြီးရွာထဲက စတားလင့်စက်တွေ ကွန်ပျူတာတွေ၊ ဆိုင်ကယ်တွေကိုလည်း ခိုးယူသွားတယ်။ အသတ်ခံရတာက အသက် ၄၄ နှစ် အရွယ် အမျိုးသားပါ။ ခေါင်း ၂ ချက်၊ ရင် ၁ ချက်အနီးကပ်တေ့ပစ်သွားတာ စစ်ခွေးတွေစစ်ကြောင်းက ခင်မွန်ရွာရယ် တောပုရွာရယ်က ပျူတွေနဲ့ စစ်ခွေးတွေ ပေါင်းထားတာ ကျီကုန်းဆိုတာက သူတို့ စခန်တွေနဲ့ နီးနီးလေး လက်နက်ကြီးတွေနဲ့လည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်တယ်။ သူတို့ဆင်းလာတာကို ပြည်သူတွေက ကြိုသိလို့ တစ်ရွာလုံးကြိုရှောင်ထားတာ အခုသတ်ခံရတဲ့ ပြည်သူက ရှောင်တိမ်းတာ နောက်ကျသွားတာ” ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။

အလားတူ ယမန်နေ့ ညပိုင်းကလည်း အကြမ်းဖက် စစ်တပ်က ကျီကုန်းရွာ အနီးပတ်ဝန်းကျင်ကို စက်တပ်လေထီး၊ Gyrocopter များဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် သာယာဝတီခရိုင် PDF ဒရုန်း သင်တန်းဆင်းပွဲနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နံနက် ၈ နာရီခန့်တွင် ပဲခူးရိုးမအတွင်း ကျင်းပပြုလုပ်နေသော သာယာဝတီခရိုင် PDF ဒရုန်း သင်တန်းဆင်းပွဲနှင့် နတ်တလင်မြို့နယ်ရှိ ရေနောက်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ဗုံး ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း သင်တန်းဆင်းပွဲ ပြီးဆုံးချိန်ဖြစ်သောကြောင့် PDF ရဲဘော်များ အထိအခိုက်မရှိကြောင်း၊ ထို့ပြင် ကျေးရွာနေ ပြည်သူများသည်လည်း အချိန်မီ တိမ်းရှောင်နိုင်ခဲ့သောကြောင့် ထိခိုက်သူမရှိကြောင်း သိရှိရသည်။

“သာယာဝတီခရိုင် PDF ဒရုန်း သင်တန်းဆင်းပွဲကို သဲကုန်းမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ခွေးတွေရဲ့ ပါရာမော်တာ ၃ စီးက ဗုံး ၁၂ လုံး ကျဲချ တိုက်ခိုက်သွားတာ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေလည်း အထိခိုက်မရှိဘူး။ ပြည်သူတွေ အထိခိုက်မရှိပါဘူး။ ဒါပေမယ့် နွား ၂ ကောင်တော့ ထိခိုက် ဒဏ်ရာရတယ်လို့တော့ သိရတယ်” ဟု တိုင်းစစ်ဘက်ရေးရာ တာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည် အနီးတဝိုက်ရှိ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း တောင်ညိုဆည် သင်းဘောချည်တိုင် ဘုန်းကြီးကျောင်းကို ဗုံးများ ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် ၁၀ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မယင်းရွာ စာသင်ကျောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article